Homeပြည်တွင်းသတင်းနိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်နေမှုတွေနဲ့ပတ်သတ်ပြီး NUG၊ KNU၊ KNPP၊ CNFတို့ ပူးတွဲကြေညာချက်ထုတ်ပြန်

နိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်နေမှုတွေနဲ့ပတ်သတ်ပြီး NUG၊ KNU၊ KNPP၊ CNFတို့ ပူးတွဲကြေညာချက်ထုတ်ပြန်

၁၇ စက်တင်ဘာ၊ ၂၀၂၄

မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်နေတာနဲ့ ပတ်သတ်ပြီး ပူးတွဲကြေညာချက်တစ်ရပ်ကို အမျိုးသားညီညတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဝန်ကြီးဌာန၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်း အမျိုးသားတပ်ဦး(CNF) တို့က မြန်မာပြည်သူတွေကို ထိထိရောက်ရောက် ကူညီပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို ပူးတွဲကြေညာချက်ထုတ်ပြီး အကူအညီတောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁၁ရက်ကစပြီး မြန်မာနိုင်ငံအတွင်းကို ရာဂီတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာတာကြောင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးသည်းထန်ခဲ့ပြီး ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပွားကာ ဒေသခံပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ဖော်ပြချက်အရ ၂၀၀ ကျော် ရှိနေပြီး တကယ့်မြေပြင်မှာ ထောင်နဲ့ချီပြီး သေဆုံး၊ ပျောက်ဆုံး နိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မယ်လို့ ခန့်မှန်းထားကြောင်းနဲ့ လူနေအိမ်တွေ ပြိုကျ ပျက်စီးတာ၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဆုံးရှုံးရတာ၊ လမ်းတံတားနဲ့ အခြေခံအဆောက်အအုံများ ပျက်စီးတာ၊ စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးတာ၊ မွေးမြူရေးတိရိစ္ဆာန်တွေ သေကြေ ပျက်စီးတာ၊ ရေသယံဇာတတွေ ပျက်စီး ဆုံးရှုံးတာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ ကြေညာပါတယ်။

မုန်တိုင်းအရှိန်နဲ့ ရေဘေးအန္တရာယ်ကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ အမိုး အကာတွေ ထောက်ပံ့ပေးဖို့အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုး မွေးမြူရေး စတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ အခြေခံအဆောက် အအုံပြန်လည်တည် ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနဲ့တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေဆီက တောင်းဆို ထားတဲ့ အချက် ၈ချက်ကို ရေးသားထားပါတယ်။

နိုင်ငံတကာကပေးအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို နိုင်ငံရေးနဲ့စစ်ရေးတို့အတွက် အမြတ်ထုတ်မခံရ အောင် အထူးသတိပြုဖို့လည်း တောင်းဆိုထားပါတယ်။ NUG ၊ KNU၊ KNPP၊ CNF တို့ အနေနဲ့ ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့နဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ PDF စိုးမိုးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပကဖ၊ ပအဖအဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေကို ကူညီနေရင်း မျော ပါသွား တာမျိုးရှိတယ်လို့ သိရပါတယ်။

ကျေးရွာ ဆယ်ရွာကျော်လောက် ရေနစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီဘက်ရွာတွေကို စစ်ကောင်စီကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားခွင့်ပိတ်ပင်ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။

လူပေါင်းရာနဲ့ချီ သေဆုံးခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေအတွက် တောင်ကိုရီးယားနိုင်ငံက စာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက ထုတ်ပြန် ကြေညာထားပါတယ်။

အိန္ဒိယအစိုးရကလည်း မြန်မာ ရေးဘေးသင့်သူတွေအတွက် ရိက္ခာခြောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ အပါအ၀င် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့တန်ချိန် ၁၀ တန်ကို ပေးလှူမယ်လို့တရားဝင် ပြောဆိုပါတယ်။

ပုံစာ – ရှမ်းတောင်နှင့် ကရင်နီဒေသအတွင်း ရေကြီး၊မြေပြိုနေမှုများ
Photo –CJ

ဆက်စပ် သတင်းများ

Most read