Homeဆောင်းပါးနိုင်ငံကူးလက်မှတ်ဥပဒေသစ် ပြည်ပကမြန်မာတွေအပေါ် သက်ရောက်မှု ဘယ်လောက်ထိ ရှိလာမလဲ

နိုင်ငံကူးလက်မှတ်ဥပဒေသစ် ပြည်ပကမြန်မာတွေအပေါ် သက်ရောက်မှု ဘယ်လောက်ထိ ရှိလာမလဲ

အာဏာသိမ်းစစ်ကော်မရှင်က မတ် ၁၇ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံကူးလက်မှတ်ဥပဒေသစ်ဟာ ပတ်စပို့စနစ်ကို နည်းပညာပိုင်းအရ ပြောင်းလဲသွားစေမယ့် အပြောင်းအလဲတစ်ခုဖြစ်သလို တစ်ဖက်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ သွားလာခွင့်နဲ့ အလုပ်အကိုင်အခွင့်အရေးတွေကိုပါ တိုက်ရိုက် သက်ရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဥပဒေသစ်အရ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း အားလုံးအတွက် UID (Unique Identification Number) ကို မဖြစ်မနေ တင်ပြရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါကြောင့် UID မရှိသေးတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ပတ်စပို့သက်တမ်းတိုးဖို့အတွက် မြန်မာနိုင်ငံကို ပြန်လာရနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ပြည်ပရှိ မြန်မာသံရုံးတွေအနေနဲ့လည်း ယခုဥပဒေအောက်မှာ နေပြည်တော်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပတ်စပို့ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာတွေ မလုပ်နိုင်တော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ပြည်ပမှာ နေထိုင်နေသူတွေအတွက် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။ ဥပဒေသစ်မှာ “နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သူ” လို့ ယူဆရသူတွေကို ပတ်စပို့ထုတ်မပေးနိုင်ဘူးလို့ သတ်မှတ်ထားပါတယ်။

ဒီလို သတ်မှတ်ချက်ဟာ အဓိပ္ပာယ်ကျယ်ပြန့်တဲ့အတွက် အာဏာပိုင်ဘက်က သုံးစွဲနိုင်တဲ့ အကွာအဝေးကလည်း ကျယ်ပြန့်နေတယ်လို့ ဥပဒေလေ့လာသူတချို့က သုံးသပ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအမြင်မတူသူတွေ၊ ဝေဖန်ရေးသားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်စပ်မှုရှိသူတွေဟာ ပတ်စပို့မရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတစ်ခုခုမှာ ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့သူတွေ၊ overstay ဖြစ်နေသူတွေကိုလည်း ပတ်စပို့ထုတ်ပေးဖို့ ငြင်းပယ်နိုင်တယ်လို့ ဖော်ပြထားတာကြောင့် အလုပ်သမားအုပ်စုအများစုကိုပါ ထိခိုက်နိုင်ပါတယ်။ ထိုင်းနိုင်ငံလို နိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားအများစုဟာ ပတ်စပို့သက်တမ်းတိုးခြင်းအပေါ် အလွန်မှီခိုနေကြတာပါ။

UID မရှိသေးသူတွေက ပြည်တွင်းပြန်လာရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့်အလုပ်အကိုင်ဆုံးရှုံးနိုင်ခြင်း၊ ငွေကြေးအခက်အခဲ၊ ဥပဒေအရ မတည်မငြိမ်ဖြစ်နိုင်ခြင်း တွေ ဖြစ်လာနိုင်တယ်လို့ အလုပ်သမားအရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ ဥပဒေသစ်အောက်မှာ ePassport စနစ်ကို စတင်သုံးစွဲသွားမှာဖြစ်ပြီး biometric data တွေဖြစ်တဲ့ လက်ဗွေ၊ မျက်နှာသွင်ပြင်၊ eye scan စတာတွေကို ဗဟိုစနစ်နဲ့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီလို စနစ်ဟာ လုံခြုံရေးနဲ့ စနစ်ကျမှုကို တိုးတက်စေမယ်လို့ အာဏာပိုင်ဘက်က ပြောဆိုထားပေမယ့် တစ်ဖက်မှာတော့ နိုင်ငံသားတွေအပေါ် ထိန်းချုပ်မှု ပိုမိုတင်းကျပ်လာနိုင်တယ်လို့ နည်းပညာလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။ နိုင်ငံကူးလက်မှတ်ဥပဒေသစ်ဟာ စာရွက်စာတမ်းစနစ်တစ်ခုကို ပြောင်းလဲတာထက် ပိုပြီး နိုင်ငံသားတွေရဲ့ အခြေခံသွားလာခွင့်နဲ့ လူမှုစီးပွားဘဝကို ထိခိုက်စေနိုင်တဲ့ ဥပဒေတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီဥပဒေဟာ သာမန် စနစ်ပြောင်းလဲမှုမဟုတ်ဘဲ နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေတွေကို တိုက်ရိုက်သက်ရောက်လာနိုင်တဲ့ အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။ လာမယ့်ကာလအတွင်း ဥပဒေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာပေါ်မူတည်ပြီး ဒီသက်ရောက်မှုတွေက ပိုမိုကျယ်ပြန့်လာနိုင်မလား၊ သို့မဟုတ် လျော့နည်းသွားမလားဆိုတာ ဆက်လက် စောင့်ကြည့်ရမယ့် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး