Homeပြည်တွင်းသတင်းဒေါက်တာဇော်မြင့်မောင်ကို ဆုံးပါးကာနီးမှ လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်မှန်တဲ့ သနားကြင်နာမှုမဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး ထုတ်ပြန်

ဒေါက်တာဇော်မြင့်မောင်ကို ဆုံးပါးကာနီးမှ လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်မှန်တဲ့ သနားကြင်နာမှုမဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး ထုတ်ပြန်

၇ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီမှာ ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ဆုံးပါးကာနီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်မှန်တဲ့သနားကြင်နာမှု မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။

ကြေညာချက်မှာအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ သုံးကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်လို့ ဥရောပသမဂ္ဂသံရုံးက ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ထောင်ဒဏ် (၁၉) နှစ် ကျခံခဲ့ရပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လမ်းညွှန်ပေးခဲ့တဲ့ လူ့အခွင့်အရေးကို အထူးအလေးအနက်ထား ခုခံကာကွယ်ခဲ့သူတစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းမှုအပြီးမှာ စစ်အာဏာပိုင်တွေက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်တွေနဲ့ ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ ရေးထားပါတယ်။

နှစ်ပေါင်းများစွာ လုံလောက်တဲ့ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်တဲ့ နာမကျန်းမှုနဲ့ ရုန်းကန်ခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ အကျဥ်းစံအခြေအနေဟာ လွန်စွာ လူမဆန် ၊ အဆင့်နိမ့်စွာနေခဲ့ပြီး မကွယ်လွန်မီ နာရီပိုင်းအလိုမှ စစ်အစိုးရက သူ့ရဲ့ လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းဟာ စစ်မှန်သော သနားကြင်နာမှု မဟုတ်ကြောင်း ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးဟာ ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် မရှိမဖြစ်လိုအပ်ချက်တွေဖြစ်တဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံရသူတွေ အကုန်လုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိဖို့ တောင်းဆို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

Photo – EU in Myanmar

ဆက်စပ် သတင်းများ

Most read