၁၉ မတ်လ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ အောက်လွှတ်တော် အထူးအစည်းအဝေးမှာ ဘူမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချာန်ဗီရာကူးလ်ကို ထောက်ခံမဲ ၂၉၃ မဲနဲ့ နိုင်ငံရဲ့ ၃၂ ကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ထပ်မံရွေးချယ်လိုက်တယ်လို့ သိရပါတယ်။
မတ်လ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ အဲ့ဒီအစည်းအဝေးဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်အတွက် အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
လက်ရှိ လွှတ်တော်မှာ အမတ်စုစုပေါင်း ၄၉၉ ဦးရှိပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ အနည်းဆုံး ၂၅၀ မဲလိုအပ်တဲ့အတွက် အနုတင်က လိုအပ်ချက်ထက် ကျော်လွန်တဲ့ မဲရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ နတ်ထာဖုန်း ရောင်းပန်ညာဝပ်က ၁၁၉ မဲသာ ရရှိခဲ့ပြီး ကြားနေမဲ ၈၆ မဲရှိခဲ့တယ်လို့ သိရပါတယ်။
အနုတင်ဟာ ယခင်သက်တမ်းမှာ လူနည်းစုအစိုးရအဖြစ် လုပ်ဆောင်ခဲ့ရပေမယ့် ယခုတစ်ကြိမ်မှာတော့ လွှတ်တော်အတွင်း ပိုမိုခိုင်မာတဲ့ ထောက်ခံမှုရရှိထားတာကြောင့် အုပ်ချုပ်ရေးပိုင်းမှာ တည်ငြိမ်မှုရရှိနိုင်မယ်လို့ သုံးသပ်နေကြပါတယ်။
မဲမခွဲမီ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်း အနုတင်က ပါတီကွဲပြားမှုမထားဘဲ အမတ်အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပြီး အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေကို နားထောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော်နဲ့ အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းသွားမယ်လို့လည်း ဆိုပါတယ်။
အနုတင်ဟာ ဝန်ကြီးချုပ်အဖြစ် အသစ်တက်လာသူ မဟုတ်ဘဲ ယခင်ရာထူးကို ဆက်လက်ထမ်းဆောင်တဲ့ ဒုတိယသက်တမ်း ဖြစ်တာကြောင့် နိုင်ငံရေးအဆက်မပြတ်မှုကို ပြသနေတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။


