၁၂ ဖေဖော်ဝါရီ ၂၀၂၆
ထိုင်းနိုင်ငံ ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ဥဒုံထာနီခရိုင် မဲဆန္ဒနယ်အမှတ် (၂) မှာ ကိုယ်စားလှယ်လောင်းတစ်ဦးကိုယ်တိုင် ကိုယ့်ကိုကိုယ် မဲပေးခဲ့ပေမယ့် တရားဝင်ရလဒ်မှာ “သုည” အဖြစ် ထွက်ပေါ်ခဲ့ပါတယ်။
ထိုင်းပြည်သူ့ပါတီ (Thai People’s Party) ကိုယ်စားပြု ယောင်ဝလက် ခမ်သီ (Yaowalak Khamsri) ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က နွန်ဆွန်းမြို့နယ်ခွဲ၊ ဘန်ချိုင်ပွန်းရွာက မဲရုံအမှတ် (၁) မှာ ကိုယ်စားလှယ်လောင်းအမှတ် (၁၀) နဲ့ ပါတီအမှတ် (၃၁) အတွက် မဲပေးခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ မဲရလဒ်မှာ အဲ့ဒီမဲရုံအတွင်း သူ့အတွက် မဲရရှိမှု “သုံည” လို့ ဖော်ပြထားတာဖြစ်ပါတယ်။
ယောင်ဝလက် ခမ်သီက မိမိကိုယ်တိုင် မဲပေးခဲ့ကြောင်း အတည်ပြုထားနိုင်ပါလျက် မဲရရှိမှု “သုည” ဖြစ်နေတာဟာ မဖြစ်နိုင်ကြောင်း ပြောဆိုပြီး မဲရေတွက်မှုကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သူဟာ ဒေသခံရဲစခန်းကို သွားရောက် တိုင်ကြားခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဥဒုံထာနီ ခရိုင် ရွေးကောက်ပွဲကော်မရှင် (EC) ရုံးကို တရားဝင် ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်။ မဲရေတွက်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်စိစစ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က မဲရုံမှူးကို ခေါ်ယူစစ်ဆေးပြီး အချက်အလက်တွေ မှန်၊ မမှန် ပြန်လည် စိစစ်နေပြီလို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဒေသအဆင့် သီးခြားကိစ္စတစ်ခုသာမက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထွက်ပေါ်နေတဲ့ မဲမသမာမှုစွပ်စွဲချက်တွေနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ People’s Party ကလည်း မဲဆန္ဒနယ် ၁၈ ခုမှာ မဲပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် မဲရုံအချို့မှာ မဲပေးသူအရေအတွက်နဲ့ ရေတွက်ရရှိတဲ့ မဲအရေအတွက် မကိုက်ညီမှုတွေ၊ ပယ်မဲအရေအတွက် များပြားနေမှုတွေ၊ မဲရေတွက်စဉ် ဗီဒီယိုအထောက်အထားတွေ ထွက်ပေါ်လာတာတွေကြောင့် လူထုအကြား သံသယမြင့်တက်နေပါတယ်။


