Homeပြည်တွင်းသတင်းထိုင်းမှာ ခွေးရူးပြန်ရောဂါကြောင့် မြန်မာနိုင်ငံသား တဦး သေဆုံး

ထိုင်းမှာ ခွေးရူးပြန်ရောဂါကြောင့် မြန်မာနိုင်ငံသား တဦး သေဆုံး

၁၆ ဖေဖော်ဝါရီ ၂၀၂၆

ထိုင်းနိုင်ငံ ရယောင်းခရိုင်မှာ ၂၀၂၆ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါ (Rabies) ကြောင့် ပထမဆုံး သေဆုံးသူတစ်ဦး ပေါ်ပေါက်လာခဲ့တယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန (DDC) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ခွေးပေါက်လေးတစ်ကောင်က လက်ဖဝါးကို ကိုက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်အပြီးမှာတော့ ဒဏ်ရာကို ဆရာဝန်နဲ့ သေချာမပြသခဲ့သလို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း မပြုလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

အကိုက်ခံရပြီး တစ်လကျော်အကြာ ဇန်နဝါရီ ၂၃ ရက်မှာတော့ ရေသောက်ပြီးနောက် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ခေါင်းမူးဝေခြင်း စတဲ့ လက္ခဏာတွေ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လက္ခဏာတွေ ပေါ်ပေါက်ပြီး နှစ်ရက်အကြာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ခွေးရူးပြန်ရောဂါပိုး ကူးစက်ခံထားရတာကို အတည်ပြုနိုင်ခဲ့တာပါ။

DDC ရဲ့ အချက်အလက်အရ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွင်း ထိုင်းနိုင်ငံမှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိခဲ့ပြီး အဆိုပါ သေဆုံးသူအားလုံးဟာ တိရစ္ဆာန်ကိုက်ခံရပြီးနောက် ကာကွယ်ဆေး မထိုးနှံခဲ့ကြတာချင်း တူညီနေတယ်လို့ သိရပါတယ်။

ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာ စတင်ပြသပြီးနောက် ကုသလို့မရတော့တဲ့ ရောဂါဖြစ်ပြီး ကူးစက်ခံရပါက သေဆုံးနှုန်း ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ ရောဂါလက္ခဏာတွေထဲမှာ ရေကြောက်ခြင်း၊ လေကြောက်ခြင်း၊ အလင်းရောင်ကြောက်ခြင်း၊ အစာမျိုရခက်ခြင်းနဲ့ စိတ်မမှန်သလို ဖြစ်လာခြင်းတွေ ပါဝင်တတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ခွေး၊ ကြောင် သို့မဟုတ် နို့တိုက်သတ္တဝါတစ်မျိုးမျိုးက ကိုက်ခြင်း၊ ကုတ်ခြင်း ခံရတာမျိုး ဖြစ်လာပါက ဒဏ်ရာကို ချက်ချင်း ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး သန့်ရှင်းအောင် ဆေးကြောကာ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်ကြောင်း သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။

အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်တွေကိုလည်း မိမိတို့ရဲ့ ခွေး၊ ကြောင်တွေကို နှစ်စဉ် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံပေးကြဖို့ အကြံပြုထားပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး