Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံ၊ ဟတ်ယိုင်က ကျောင်းတစ်ကျောင်းမှာ သေနတ်သမား ဝင်ရောက်စီးနင်း၊ ကျောင်းသား ၃၀၀ ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရ

ထိုင်းနိုင်ငံ၊ ဟတ်ယိုင်က ကျောင်းတစ်ကျောင်းမှာ သေနတ်သမား ဝင်ရောက်စီးနင်း၊ ကျောင်းသား ၃၀၀ ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရ

၁၁ ဖေဖော်ဝါရီ ၂၀၂၆

ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့ရှိ Patong Than Khiri Wat School ကျောင်းမှာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဖြစ်စဉ် ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီမှာ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဖြစ်စဉ်ဟာ ဆောင်ခလာ ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး သံသယရှိသူဟာ ရဲဝန်ထမ်းတစ်ဦးရဲ့ သေနတ်ကို ခိုးယူပြီး ဆိုင်ကယ်နဲ့ ကျောင်းကို ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။

သတင်းအရ ကျောင်းဝင်ပေါက်မှာ လုံခြုံရေးဝန်ထမ်းကို ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမယ့် သေနတ်ချွတ်ယွင်းမှုကြောင့် လုံခြုံရေးဝန်ထမ်း ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် သံသယရှိသူဟာ ကျောင်းအတွင်း ဝင်ရောက်ပြီး ကျောင်းသားတွေကို ဓားစာခံအဖြစ် ထိန်းချုပ်ထားကာ ကျောင်းအုပ်ကြီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်။ ကျောင်းအုပ်ကြီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က ဝိုင်းရံထားပြီး ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ သံသယရှိသူက ဓားစာခံတွေကို လွှတ်ပေးဖို့ ငြင်းဆန်နေပြီး အခြေအနေဟာ တင်းမာနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဝင်အသေးစိတ်အချက်အလက်တွေ ထပ်မံထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

သတင်းရင်းမြစ် – Khaosod

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး