၁၅ ဖေဖော်ဝါရီ ၂၀၂၆
တနင်္သာရီမြစ်အတွင်းက ရွှေကျင်ယူရရှိခဲ့တဲ့ အလေးချိန် စုစုပေါင်း ၄၃၄ ဂရမ်ရှိ ရွှေခဲ ၂၅ ခဲကို သယ်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီ ၁၃ ရက်က ကန်ချနပူရီခရိုင်၊ ဒုန်းစပ်ပရော့ ဒေသရှိ မှောင်ခိုးလမ်းတစ်ခုမှာ ထိုင်းလုံခြုံရေး ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၅၄ နှစ်အရွယ် ဦးဘွိုင်း (Mr. Boy Wongwai / Boy Diamond) ဖြစ်ပြီး သူ့ဆီကနေ ရွှေသတ္တုရိုင်းအဖြစ် မပြုပြင်ရသေးတဲ့ ရွှေခဲ ၂၅ ခဲကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဦးဘွိုင်းရဲ့ ထွက်ဆိုချက်အရ အဆိုပါ ရွှေခဲတွေကို မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ မေတ္တာမြို့နယ်၊ ထီးခီးကျေးရွာအနီး တနင်္သာရီမြစ်အတွင်းမှာ သူငယ်ချင်းတွေ နဲ့အတူ ကိုယ်တိုင် ရွှေကျင်ယူရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရွှေခဲတွေကို ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ပေါ်ရှိ ရွှေဆိုင်တွေမှာ သွားရောက်ရောင်းချဖို့ ရည်ရွယ်ပြီး တရားမဝင် မှောင်ခိုလမ်းကို အသုံးပြုကာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့တာဖြစ်ကြောင်းလည်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူကို ကန်ချနပူရီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေတွေအပါအဝင် သက်ဆိုင်ရာ ဥပဒေများနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာ တရားမဝင် မှောင်ခိုးလမ်းတွေကနေ ဝင်ရောက်လာမှုတွေ များလာနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Kanchanaburi News


