၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီနဲ့ ၎င်းရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီး ရေနက်ဆိပ်ကမ်းတစ်ခုနှင့် ရေနံချက်စက်ရုံတစ်ခုအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို၎င်းရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ရုရှားနိုင်ငံက နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်တို့ရုရှားနိုင်ငံသို့ သွားရောက်ခဲ့စဉ်က ယင်းစီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ယခုအခါ ရုရှားနိုင်ငံအနေနဲ့ နျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်းပါဝင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်စတင်နိုင်ရန် ဖေဖော်ဝါရီ ၂၃ ရက်မှာ နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
“ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့၊ ကျောက်မီးသွေးအပူစွမ်းအင်စက်ရုံတစ်ရုံ တည်ဆောက်ဖို့နဲ့ ရေနံချက်စက်ရုံတစ်ရုံတည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြတယ်။ ဒီထဲမှာ ရေနံချက်လုပ်မှုကတော့ အစိတ်အပိုင်း အရှုပ်ထွေးဆုံးပေါ့။ ဒါကြောင့် ရေနံချက်စက်ရုံဆောက်ဖို့အတွက်တော့ အပြီးသတ်ဆုံးဖြတ်ချက်မချရသေးဘူး။ ရုရှားကုမ္ပဏီတွေအနေနဲ့ ဒီလိုစီမံကိန်းမျိုးအတွက် ငွေကြေးကုန်ကျမှုကိုလည်း လေ့လာနေတယ်။ ဒီလိုစီမံကိန်းက စီးပွားရေးအရ ဖြစ်နိုင်ခြေရှိလားသုံးသပ်ဖို့ရာ အတော်ရှုပ်ထွေးတယ်” လို့ ရုရှားအစိုးရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အကြီးအကဲ Maxim Reshetnikov ကပြောပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် ၁၉၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ကပ္ပလီပင်လယ်အတွင်းဆက်စပ်တည်ရှိမည့် စီမံကိန်းဖြစ်သလို ဇုန်အတွင်း နည်းပညာမြင့်အဆောက်အအုံဇုန်များ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာများ၊ သတင်းအချက်အလက်ဇုန်များနှင့် ပြည်ပလုပ်ငန်းစဉ်ဇုန်များလည်း ပါဝင်ရန် ထည့်သွင်းတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ကတည်းက စစ်အစိုးရနဲ့ ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဦးသိန်းစိန်အစိုးရက “စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်” ဆိုသည့် အကြောင်းပြချက်ဖြင့် အဆိုပါစာချုပ်ကို ရပ်ဆိုင်းခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ၂၀၁၃ ခုနှစ်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်ရခြင်းသည် ရုရှားရဲ့ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ စီမံကိန်းနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။