Homeဆောင်းပါးတော်လှန်ခရီးကြမ်းထဲက တော်လှန်ပန်းတပွင့် မသက်ထား

တော်လှန်ခရီးကြမ်းထဲက တော်လှန်ပန်းတပွင့် မသက်ထား

၂၀၂၁ မတ်လ ၁ ရက်နေ့ မနက်ခင်း။

ရန်ကုန်မြို့မှာ ဆန္ဒပြလူငယ်တွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ ဖြိုခွင်း/ဖမ်းဆီးမှုတွေ ခပ်စိတ်စိတ်ရှိလာတဲ့ နေ့ရက်တွေအထဲက တစ်ရက် ဖြစ်ပါတယ်။

အသက် ၃၀ ကျော်အရွယ် LGBT တစ်ဦးဖြစ်တဲ့ မသက်ထားဟာ အဲ့ဒီနေ့မနက်က သူ့ရဲ့အလှပြင်ဆိုင်ကို မဖွင့်တော့ပဲ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြဖို့ ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်အတွင်းက အထပ်မြင့်တိုက်ခန်းတစ်ခုရဲ့ ၄ လွှာမှာ သူငယ်ချင်းတွေနဲ့ အချိန်းအချက်ပြု စုဝေးရောက်ရှိနေချိန်ပါ။

အိမ်ကနေ ဘာမှမစားလာရသေးတဲ့အတွက် ပဲပြုတ်နဲ့ထမင်းဆီဆမ်းကိုပဲ မနက်စာအဖြစ်စားဖို့ မီးဖိုပေါ်တင်ထားတဲ့ ပဲအိုးကလည်း ကျက်နေပြီဖြစ်လို့ မသက်ထားတို့ ပဲတွေဆယ်ထားပြီးပါပြီ။

ဒါပေမဲ့ မကြာခင်မှာပဲ လမ်းထိပ်ဘက်ကနေ လက်နက်နဲ့ပစ်ခတ်သံ ထွက်ပေါ်လာခဲ့ပါတော့တယ်။

“ဒီအခန်းမှာ ဆန္ဒပြမယ့် လူတွေစုတယ်ဆိုပြီးတော့ အဲ့ဒီက ဒလန်က ပြောလိုက်တာလား ဘယ်သူကပြောလိုက်လဲမသိဘူး။ ကျမတို့ လမ်းထဲကို စစ်သားနဲ့ရဲတွေ ဝင်လာတယ်” လို့ အဲ့ဒီနေ့က ဖြစ်စဉ်ကို ပြန်မြင်ယောင်ရင်း မသက်ထားက စကားစပါတယ်။

“ကျမတို့ မျက်နှာချင်းဆိုင်မှာ မိန်းကလေးအဆောင်ရှိတယ်။ စစ်သားနဲ့ရဲတွေ ကျမတို့ တိုက်အောက်ကိုဝင်လာတဲ့အချိန်မှာ ကျမတို့အခန်းကလည်း ပဲပြုတ်ရေပူနဲ့လောင်းချ၊ အဆောင်က မိန်းကလေးတွေကလည်း ရေနွေးနဲ့လောင်းချ။ ပြီးတော့ ကျမတို့လည်း သူတို့ တန်းမဝင်လာနိုင်အောင် အခန်းတံခါးတွေလော့ချ။ ပြုတ်ထားတဲ့ပဲကိုလည်း အိမ်သာထဲပစ်ထည့် ရေဆွဲချ၊ အိုးကို ရေကန်ထဲပစ်ထည့်။ မကြာဘူး အခန်းတံခါးတွေ ရိုက်ဖျက်ပြီး ဝင်ဖမ်းတယ်ပေါ့။ အဆောင်က ကောင်မလေးတွေရော ကျမတို့ကိုရော အကုန်ရောဖမ်းပြီး မြေနီကုန်းထဲကပဲ ရဲစခန်းကို ပို့လိုက်တယ်” လို့ မသက်ထားက ဆက်ပြောပြပါတယ်။

အဲ့ဒီကိစ္စကြောင့်ပဲ မသက်ထားကို ထောင်အချုပ်ထဲမှာပဲ အာဏသိမ်းစစ်တပ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အပါအဝင် ဝတ္တရားနှောက်ယှက်မှု၊ ထိခိုက်နာကျင်စေမှု စတဲ့ပုဒ်မတွေတပ် တရားစွဲလိုက်ပါတယ်။

LGBT တစ်ဦးဖြစ်တဲ့ မသက်ထားအတွက် အဲ့ဒီကာလက ထောင်ထဲမှာအတူနေရတဲ့သူတွေဟာ ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ်တွေ အများစုဖြစ်လို့ အကျဉ်းထောင်ဒုက္ခတွေကိုတော့ မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ထောင်တွင်း စစ်ကြောရေးကတော့ မသက်ထားကို အလွတ်မပေးခဲ့ပါဘူး။

“နင်တို့ခေါင်းဆောင်ဘယ်သူလဲ မေးတယ်။ ငါတို့မှာ ခေါင်းဆောင်မရှိဘူး ကိုယ့်ဟာကိုယ်လုပ်တာလို့ ပြန်ဖြေလို့ ပါးတွေရိုက်ခံရတာ။ တစ်ယောက်တည်း လာမေးတာ မဟုတ်ဘူး။ သုံးလေးယောက်က ဆက်တိုက်ပေါ့နော်။ သူတို့လိုချင်တဲ့အဖြေကို မရလို့ရှိရင် တစ်ယောက်က အဲ့လိုနှစ်ချက်သုံးချက် ရိုက်သွားလိုက်၊… နောက်တစ်ယောက်က ထပ်ဝင်လာလိုက်၊ ထပ်မေးလိုက်၊ ရိုက်လိုက်” လို့ အကျဉ်းထောင်စစ်ကြောရေး နေ့ရက်တွေအကြောင်း မသက်ထား က ပြန်ပြောင်းပြောပြပါတယ်။

ထောင်ထဲ လအနည်းငယ်နေပြီး သင်္ကြန်ကာလအရောက်မှာ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာစာရင်းထဲ မသက်ထားနာမည် ပါဝင်လာပါတယ်။

အလှပြင်ဆိုင်ကိုလည်း အာဏာသိမ်းစစ်တပ်က ဒိုဇာနဲ့ထိုး ဖျက်ဆီးထားပြီဖြစ်တာကြောင့် မသက်ထား တစ်ယောက် မိဘအိမ်မှာ သွားရောက်နေထိုင်စဉ်မှာပဲ အာဏာပိုင်တွေက မှတ်ပုံတင်ပါ နာမည်အရင်း(အမျိုးသားနာမည်)နဲ့ ရပ်ကွက်ထဲအထိ တကျော့ပြန် လာရောက် ရှာဖွေခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ သူတစ်ပါးကို လှအောင်ပြုပြင်ပေးတဲ့ LGBT တစ်ဦးရဲ့ ကြမ်းတမ်းတဲ့ တောခိုသူပုန်ထခရီးစဉ် အစပြုခဲ့ပါတော့တယ်။

တကယ်တော့ မသက်ထားရဲ့ မိသားစုအသိုင်းအဝိုင်းဟာ LGBT ကို လက်မခံကြပါဘူး။ ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဖြစ်တာကြောင့်လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းမှာ ၁၀ တန်းကျောင်းသူဘဝ နဲ့ ဆန္ဒထွက်ပြရင်း ကျောင်းထုတ်ခံလိုက်ရတဲ့ မသက်ထားကို အမြဲလိုလို သတိပေးတားမြစ်ပါတယ်။ တားမရတဲ့အဆုံး နောက်တဆင့်အနေနဲ့ ဖယ်ကျဉ်ပါတယ်။

ဒါကြောင့်လည်း မသက်ထားရဲ့ သူပုန်သူကန်ခရီးမှာ တားဆီးမျက်ရည်ကျမယ့်သူရယ်လို့တော့ မရှိခဲ့ပါဘူး။

“ခွဲခြားဆက်ဆံမှုတွေရှိကြတယ်။ LGBT တစ်ယောက်ကို မိဘက လက်ခံဖို့၊ ဆွေမျိုးအသိုင်းအဝိုင်းက လက်ခံဖို့ ၊ အိမ်ထောင်ပြုရင်လည်း အိမ်ထောင်ဘက်ရဲ့ အသိုင်းအဝိုင်းကလက်ခံဖို့၊ တော်တော်ကြီး ကြိုးစားရုန်းကန်ရတယ်။ ပြီးတော့ အမေ့ ဘက်က စစ်သားမျိုးရိုး။ အဖေ့ ဘက်က ရဲမျိုးရိုး။ ဒီတော့ ဆန္ဒပြတာတွေ သူပုန်လုပ်တာတွေ အကုန်ကန့်ကွက်ကြတာပေါ့။ မလုပ်ဖို့ အမြဲတားတယ်။ အခုလည်း အမေတို့က အမွေပြတ်ဆိုတဲ့ ပုံစံမျိုးနဲ့ကို လုပ်ထားတယ်” လို့ မသက်ထားက ပြောပြပါတယ်။

ဒါပေမဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးတဲ့အခါမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း KIA တပ်မတော်ကပေးတဲ့ စစ်သင်တန်းရှိတဲ့နေရာကို မသက်ထား ခရီးစဉ် စတင်ခဲ့ပါတော့တယ်။

စစ်သင်တန်းမှာ ခက်ခဲပင်ပန်းတဲ့သင်ခန်းစာတွေ သင်ကြားပြီးချိန်မှာတော့ မသက်ထားရဲ့ အိမ်မက်ဟာ သေနတ်ကိုင်ပြီး ရှေ့တန်းမှာတိုက်ပွဲဝင်ချင်တာပါ။

သင်တန်းမှာ LGBTတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိပေမယ့် လုံခြုံရေးအကြောင်းပြချက်နဲ့ တိုက်ပွဲရဲ့ ရှေ့တန်းတွေအထိ လိုက်ပါခွင့်တော့ မပေးခဲ့ပါဘူး။

ဒီလိုနဲ့ သေနတ်ကိုင်ဖူးပြီး တိုက်ပွဲမဝင်ဖူးတဲ့ မသက်ထား ၊ လူနာသယ် ထမင်းပို့တာဝန်နဲ့ ဘဝကို ၁ နှစ်လောက်ကြာတဲ့အခါ မပျော်ပိုက်တော့ပါဘူး။ ဒါကြောင့်ပဲ သူငယ်ချင်းရဲဘော်တစ်ဦး ရေရှည်ဆေးကုသမှုခံယူဖို့ မြို့ပြပြန်မယ့်ခရီးမှာ အကူရဲဘော် အဖြစ်လိုက်ပါဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒီအချိန် မသက်ထား စိတ်ထဲမှာတော့ နောက်ထပ် တော်လှန်ရေးနယ်မြေ တစ်ခုကို ထပ်မံဦးတည်ဖို့ စဉ်းစားခန်းဝင်နေခဲ့ပါပြီ။

“မြို့ပေါ်ပြန်ရောက်ပြီး တော်လှန်ရေးလုပ်လို့ရမယ့်‌နေရာတစ်ခုကို ထပ်ရှာတော့ သူငယ်ချင်းတွေက လမ်းညွှန်တယ်။ ကရင်နီမှာပေါ့ ထောက်ပို့အဖွဲ့တခုမှာ ကိုယ့်တတ်တဲ့ ပညာနဲ့ ပြန်အလုပ်လုပ်လို့ရတယ်၊ တော်လှန်ရေးလည်း လုပ်လို့ရတယ်၊ ကိုယ်တတ်တာကိုလည်း ပညာဒါနအနေနဲ့ ပြန်သင်ပေးလို့ရတယ်ဆိုတာနဲ့ ဒီဘက်ကို ရွေးချယ်လိုက်တာ” လို့ မသက်ထားက သူ့ရဲ့ တော်လှန်ရေးနယ်မြေ အပြောင်းအရွှေ့ခရီးစဉ်ရဲ့ စဉ်းစားချက်ကို ပြန်ပြောပြပါတယ်။

ကရင်နီမြေကတော့ မသက်ထားအတွက် အံဝင်ခွင်ကျဖြစ်တယ်လို့ ဆိုရမလိုပါပဲ။ သူ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ ပညာကိုပဲအသုံးချပြီး တော်လှန်ရေးကို ကူညီနိုင်တဲ့အတွက် ကြောင့်ပါ။ အရင်က ခေါင်းလျှော်၊ မျက်နှာဆေးလောက်ကိုပဲ ဝန်ဆောင်မှုပေးနိုင်ခဲ့ရာကနေ ဆံပင်ညှပ်၊ ဆံပင်ဖြောင့်၊ ဆံပင်ဆေးဆိုး အပါအဝင် အလုပ်ပြင်လုပ်ငန်းတွေ တိုးချဲ့ရာမှာ မသက်ထား အများကြီး ပါဝင် ကူညီနိုင်ခဲ့ပါတယ်။

မသက်ထား အလုပ်လုပ်တဲ့ အလှပြင်ဆိုင်ကိုရောက်ရင် ဧည့်သည်ကို အလှပြင်ပေးနေတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် သင်တန်းသား မိန်းကလေးတစ်သိုက်နဲ့ ဂစ်တာတီးသီချင်းညည်းနေတာကို တွေ့မြင်ရမှာပါ။

ဒါပေမဲ့လည်း ဒီလို ဆန္ဒနဲ့ထပ်တူကျတဲ့ ပျော်စရာဘဝဟာ မကြာရှည်ခဲ့ပြန်ပါဘူး။

မသက်ထား တာဝန်ယူပေးနေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အဖွဲ့အစည်းနဲ့ မသက်ထားအကြားမှာ ငွေကြေးပြဿနာ ဖြစ်လာပြီး ကရင်နီအသိုင်းအဝိုင်းမှာ ပြောဆိုဝေဖန်မှုတွေ ကြုံရပါတော့တယ်။

“ကျမ လများစွာ အိမ်ထဲကနေ အပြင်မထွက်နိုင်ခဲ့ဘူး။ အခန်းအပြင်တောင် မတွက်ရဲဘူး။ ကျမ ဘဝမှာ တစ်ခါမှ အဲ့ဒီလို မဖြစ်ဖူးဘူးလေ။ ရှက်တဲ့စိတ်ရော မအိပ်နိုင် မစားနိုင်နဲ့” လို့ မသက်ထားက ဆိုပါတယ်။

LGBT ဘဝကို ခံယူထားပေမယ့် တခြားလူသားတွေနည်းတူ မရှောင်တိမ်းနိုင်တဲ့ လောကဓံကိုကြုံတဲ့အခါ ဖြစ်ပေါ်တဲ့ စိတ်ဆင်းရဲ/ကိုယ်ဆင်းရဲခြင်း ဝေဒနာက မသက်ထား ကိုလည်း အလွတ်မပေးပါဘူး။ ဒီအတွက် သာမန်လူသားတစ်လိုပဲ ကိုယ့်ကိုယ်ကိုယ် ကြိုးစားဖြေသိမ့်ဖို့ မသက်ထား ကြိုးစားရပါတော့တယ်။ ဒီနေရာမှာတော့ ဘာသာရေးဟာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်။

“ဒါတွေက ဖြစ်တတ်ပါတယ်၊ သဘာဝပါပဲဆိုတာမျိုး ဘာသာရေးရှုထောင့်နဲ့ပဲ ပြန်ဖြေရတာ၊ လက်ခံရတာပေါ့နော်။ တရားနာတယ်။ ဒီလိုပဲ ဖြေသိမ့်ပြီး ကျော်ဖြတ်ခဲ့ရတာ။ အဲ့အချိန်တွေကို ပြန်တွေးမိတာနဲ့တင် စိတ်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တစ်ခုခုကို ဖြစ်သွားစေတယ်” လို့ မသက်ထားက ဆိုပါတယ်။

ကိုယ်ကိုယ်ကိုယ်ဖြေသိမ့်ရင်း နေ့ရက်တွေကြိုးစားဖြတ်ကျော်ရင်း ငါးလလောက်အကြာမှာတော့ မသက်ထားတစ်ယောက် ကရင်နီမြေကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

“ဪ…နားလည်မှုလွဲတာပါပဲလေဆိုပြီး အဲဒီမှာ လေး/ငါးလလောက်နေပြီး စဉ်းစားနေသေးတယ်။ ငါ..ဘယ်လိုလုပ်ရမလဲ၊ ဘာလုပ်သင့်လဲဆိုပြီး။ နောက်ဆုံး ငါလည်း လုပ်သင့်သလောက် လုပ်ခဲ့ပြီးပြီပဲလေဆိုပြီး ဆုံးဖြတ်ချက်ချ စိတ်ပိုင်းဖြတ်ပြီး အဲ့ဒီနယ်မြေကနေ ထွက်ခဲ့လိုက်တယ်။ တကယ်တော့ စိတ်မကောင်းပါဘူး” လို့ မသက်ထားက ပြောပါတယ်။

အခုတော့ မသက်ထားတစ်ယောက် နေရာသစ်တစ်ခုမှာ နေထိုင်ရင်း တော်လှန်ရေးအပေါ် တတ်နိုင်တဲ့ ခွန်အားစိုက်ထုတ်နေတုန်းပါ။ မသက်ထားနဲ့ ကာလတူထဲမှာ မသက်ထားလို့ တောထဲရောက်ခဲ့ပေမယ့် တတိယနိုင်ငံမှာ ခိုလှုံသူတွေ အများကြီးရှိခဲ့ပါတယ်။ မသက်ထားက တော့ သူယုံကြည်ရာကို ဆက်လျောက်နေဆဲပါ။

အမှားတွေ/ အမှန်တွေ ကို ဖယ်ထားပြီးကြည့်ရင် မသက်ထားလို LGBT တစ်ဦးရဲ့ တော်လှန်ပုန်ကန်ခြင်း ခရီးဟာ အဆင်ပြေချောမွေ့ မနေခဲ့ပါဘူး။

ဒါပေမဲ့ အဲ့ဒီမချောမွေ့တဲ့ ခရီးလမ်းတွေမှာပဲ ဘဝရဲ့ သင်ခန်းစာတွေကို စစ်ယူရင်း ၊ ဖြတ်ကျော်ရင်းနဲ့ပဲ LGBT တစ်ဦးဖြစ်တဲ့ မသက်ထား တော်လှန်ခြင်းဘက်ကမ်းမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး