၁၉ မတ်လ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ တရားခွင်အတွင်း တရားသူကြီးတွေ နေ့စဉ် ကျမ်းသစ္စာကျိမ်ဆိုဖို့ မလိုတော့ဘူးလို့ စစ်ကော်မရှင်က ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်ချက်အနေနဲ့ ပြဌာန်းလိုက်ပါတယ်။
အဲ့ဒီပြင်ဆင်ချက်ကို မတ်လ ၁၈ ရက်နေ့မှာ ပြဌာန်းလိုက်တာဖြစ်ပြီး တရားသူကြီးတွေဟာ တာဝန်စတင်ထမ်းဆောင်ချိန်ကတည်းက ကျမ်းသစ္စာပြုထားပြီးသားဖြစ်တာကြောင့် တရားခွင်တိုင်းမှာ ထပ်မံပြုလုပ်ဖို့ မလိုတော့ဘူးလို့ ဆိုပါတယ်။
ဒီပြင်ဆင်ချက်ကို စစ်ကော်မရှင်ရဲ့ ဥပဒေရေးရာဝန်ကြီးဌာနက တင်ပြခဲ့တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးရဲ့ တင်ပြချက်အပြီးမှာ အတည်ပြုပြဌာန်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အရင်က ကျင့်သုံးခဲ့တဲ့ ဥပဒေမှာတော့ တရားသူကြီးတွေဟာ နေ့စဉ်တရားခွင် စတင်ချိန်တိုင်း ကျမ်းသစ္စာ (သို့မဟုတ်) ကတိသစ္စာ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားပေမယ့် အဲ့ဒီ ပုဒ်မခွဲကို အခုအခါ အပြီးတိုင် ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် တရားသူကြီးတွေ အနေနဲ့ တာဝန်စတင်ထမ်းဆောင်ချိန်မှာ ပြုလုပ်ရတဲ့ မူလကျမ်းသစ္စာကျိန်ဆိုတာကိုတော့ ဆက်လက်ထားရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ အခုလို ပြင်ဆင်တာဟာ တရားခွင်အတွင်း လုပ်ထုံးလုပ်နည်းတွေနဲ့ အချိန်ကုန်ကျမှုတွေကို လျှော့ချနိုင်ဖို့ ဖြစ်တယ်လို့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြထားပါတယ်။


