၁၃ မတ်လ ၂၀၂၆ | New Day Myanmar
စစ်ကော်မရှင်တပ်ရဲ့ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ချက်အရသတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ နောင်ချိုတန်ပြန်စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဘက်က နာမည်ကောင်း ရရှိခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ တပ်မ (၇၇) တပ်မမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေက ကနဦးသတင်းသာဖြစ်ပြီး သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အဆိုပါသတင်း မှန်ကန်ပါက တပ်မ (၇၇) ဟာ စစ်မြေပြင်မှာ ထိခိုက်ဆုံးရှုံးတဲ့ ဒုတိယမြောက် တပ်မမှူး ဖြစ်လာမယ်လို့ သိရပါတယ်။
ယခင် တပ်မ (၇၇) တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့က စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
လက်ရှိမှာ တပ်မ (၇၇) တပ်ဖွဲ့တွေဟာ ချင်းပြည်နယ် မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းနဲ့ မကွေးတိုင်းဒေသတွေမှာ စစ်ဆင်ရေးတွေ ဝင်ရောက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ် အင်အား ၁၀၀၀ ဝန်းကျင်ပါ ယာဉ်တန်းတွေဟာ ပခုက္ကူမြို့ကနေ ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမ ကပစ (၂၂) ဘက်ကို ချီတက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဓါတ်ပုံ – ၂၀၂၂ ခုနှစ်ဒီဇင်ဘာလက ကိုးကန့်တပ် က သိမ်းယူရခဲ့တဲ့တပ်မ ၇၇ ယူနီဖောင်းနဲ့လက်နက်များ (ပုံဟောင်း)


