၁၀ မတ်လ ၂၀၂၆ | New Day Myanmar
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ KNLA တပ်မဟာ (၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ (၃၇၀၂) တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ (၃၇၀၃) တပ်ရင်းတို့အပြင် KNLA ကွန်မန်ဒိုတပ်ဖွဲ့တွေ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉) နဲ့ ဒရုန်းတပ်ဖွဲ့တွေပါ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးအတွင်း PDF နဲ့ KNLA ပူးပေါင်းတပ်တွေဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို စစ်ကော်မရှင်တပ်ဘက်က ၁၀ ယောက်ကျော် သေဆုံးပြီး အနည်းဆုံး ၂၀ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကိုတော့ ထိခိုက်မှုမရှိဘဲ လွတ်မြောက်ရာဒေသတွေကို PDF နဲ့ KNLA ပူးပေါင်းတပ်တွေက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


