၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့က နိုင်ငံတော်အဆင့် လေယာဉ်ပြန်ပေးဆွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။ နိုင်ငံအကြီးအကဲတစ်ယောက်ကို ပြန်ပေးဆွဲတာမဟုတ်ဘဲ နိုင်ငံအဆင့်က ပြန်ပေးဆွဲခဲ့တာပါ။
နေရာကတော့ အဂ္ဂမဟာသရေစည်သူ အလက်ဇန်းဒါး လူကာရှန်ကိုအုပ်ချုပ်တဲ့ ဘီလာရုစ်နိုင်ငံမှာ ဖြစ်ပါတယ်။ ဂရိကနေ လစ်သူရေးနီးယားကိုသွားတဲ့ ခရီးသည်တင်လေယာဉ်ပေါ်မှာ ဗုံးပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံပိုင်နက်ထဲ ဖြတ်ပျံသန်းချိန် ဘီလာရုစ်က အစိုးရက ဆင်းသက်ခိုင်းခဲ့တာပါ။
သဘောကောင်းချက်ကတော့ အဲဒီလိုဆင်းသက်ဖို့အတွက် ကြွက်မင်းပူတင်ရဲ့နိုင်ငံကထုတ်တဲ့ MIG 29 ဂျက်ဖိုက်တာနဲ့ ခရီးသည်တင်လေယာဉ်ကို လုံခြုံရေးယူပေးခဲ့တာပါ။
အဆုံးမှာတော့ လေယာဉ်ပေါ်မှာပါတဲ့ သတင်းထောက်နဲ့ သူ့ရဲ့ချစ်သူကို ဖမ်းဆီးခဲ့ပြီး ခရီးသည်တင် လေယာဉ်ကို ပြန်လွှတ်ခဲ့ပါတယ်။ ဗုံးပါတဲ့ဆိုတဲ့ အကြောင်းပြချက်မဟုတ်မှန်ဘူးဆိုတာ နောက်ပိုင်းမှာ ပေါ်လာပါတယ်။
နောက်ဆက်တွဲအဖြစ် ဒီမိုကရေစီနိုင်ငံတွေက အဲဒီလုပ်ရပ်ကို ဒေါသထွက်ခဲ့ပြီး ဘီလာရုစ်လေယာဉ် တွေကို ဥရောပလေပိုင်နက်ထဲပေးမပျံတော့သလို ဥရောပက လေယာဉ်တွေလည်း ဘီလာရုစ်နိုင်ငံပေါ် ကနေ ဖြတ်မပျံတော့ပါဘူး။
ဒီလို သတင်းထောက်တစ်ယောက်ကို နိုင်ငံတော်အဆင့်လေယာဉ်ပြန်ပေးဆွဲရတဲ့ထိ ကြောက်တဲ့သူတွေ ဟာ ဘယ်လိုလူစားလဲဆိုတာ့ စာဖတ်သူထင်တဲ့ အတိုင်းပါပဲ အာဏာရှင်တွေ ဖြစ်ပါတယ်။ အာဏာရှင်တွေဟာ ကြောက်ပုံကြောက်နည်း တူကြသလို အချင်းချင်းလည်း ဖေးမကြပါတယ်။
အဲဒီလို သတင်းထောက်တွေကို ကြောက်ပြီး မဲလိမ်မဲခိုးမှာ ဆရာကျနေတဲ့ လူကာရှန်ကိုဟာ တလောက မြန်မာနိုင်ငံကိုလာပြီး ညီလေးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ဖြစ်တယ်လို့ လူကာရှန်ကိုက ခပ်တည်တည်ပြောသွားပြီး ထောက်လည်း ထောက်ခံခဲ့ပါတယ်။
ဒီလို အတုအယောင်ရွေးကောက်ပွဲကို လူကာရှန်ကို အနေနဲ့ ဘာလို့ ထောက်ခံရသလဲဆိုတော့ အဖြေကတော့ရှင်းပါတယ်။ သူတော်ချင်းချင်း သတင်းလွေ့ဆိုသလို သူကိုယ်တိုင်ကလည်း အာဏာရှင်ဖြစ်နေသလို အာဏာရှင်ဖြစ်တဲ့ မင်းအောင်လှိုင်ကိုလည်း သက်ဆိုးရှည်စေချင်လို့ ဖေးမလိုက်တာဖြစ်ပါတယ်။
ဒီနေရာမှာ လူကာရှန်ကိုဟာ ဘာလို့ မင်းအောင်လှိုင်ရဲ့ အကိုကြီးဖြစ်ရလဲဆိုတာကို အနည်းငယ် တင်ပြပါရစေ။
ဘီလာရုစ်နိုင်ငံဟာ ဆိုဗီယက်ပြိုကွဲတော့ ၁၉၉၁ မှာလွတ်လပ်ရေးကြေညာနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဖွဲ့စည်းပုံရေးဆွဲပြီး ၁၉၉၄ မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ လူကာရှန်ကို ဝင်အရွေးခံပြီး အနိုင်ရခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဘီလာရုစ်ဟာ အမှောင်ထဲရောက်သွားတာပါ။
ရွေးကောက်ပွဲနိုင်ပြီး သိပ်မကြာခင်မှာပဲ လူကာရှန်ကိုက ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ သမ္မတတွေဟာ ၂ ကြိမ်ပဲ ရွေးကောက်ခံလို့ရမယ်ဆိုတဲ့အချက်အစား အဆုံးမရှိ ဝင်ပြိုင်နိုင်အောင် ပြင်ဆင်လိုက်သလို သမ္မတလက်ထဲ လုပ်ပိုင်ခွင့်ပိုပေးတဲ့အချက်တွေကို လူထုဆန္ဒခံယူပွဲနဲ့ ပြင်ဆင်လိုက်ပါတယ်။ ဒီလူထုဆန္ဒခံယူပွဲဟာ မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ၂၀၀၈ ခြေဥ လူထုဆန္ဒခံယူပွဲလိုဖြစ်ခဲ့ဖို့က သေချာသလောက်ပါပဲ။
အဲဒီအချိန်ကစလို့ လူကာရှန်ကိုဟာ ၂၀၀၁၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရခဲ့ပုံတွေကတော့ ရိုးရှင်းပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်ပြီး ပုံစံအမျိုးမျိုးနဲ့ မဲလိမ်၊ မဲခိုးခဲ့လို့ပါပဲ။
ဒါပေမဲ့ နည်းပညာနဲ့ သတင်းအချက်လက်ခေတ်ဖြစ်တဲ့ ၂၀၂၀ မှာတော့ ဘီလာရုစ် ပြည်သူတွေဟာ ရွေးကောက်ပွဲရလဒ်ကို ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ လူကာရှန်ကို ဘာလုပ်ခဲ့သလဲ။ ရှင်းပါတယ် သူ့ညီလေး မင်အောင်လှိုင်အတွက် ဦးဆောင်လမ်းပြပြီး ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် အတိုက်အခံ ခေါင်းဆောင်တွေ ပြည်ပကိုထွက်ပြေးရပါတယ်။ သတင်းသမားတွေ ထွက်ပြေးရပါတယ်။ လူကာရှန်ကို အစိုးရကို အိမ်နီးချင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ ရုရှားက နောက်ကနေ ထောက်ခံအားပေးခဲ့ပါတယ်။ မြန်မာကိုမှ ဥရောပဗားရှင်းပေါ့။
လူကာရှန်ကိုရဲ့ပုံစံကို သူ့ညီ လူပုလေးက ပုံစံတူကူးချပါတယ်။ အကိုကြီးကို နမူနာယူ၊ အတိုက်အခံတွေကို ဖိနှိပ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါပြီ။ မဲစာရင်းတွေကတော့ ၂ ကြိမ်ကြေညာပြီးတာတောင် ၂၀၂၀ မဲစာရင်းလောက် မှန်ကန်မှုမရှိသေးပါဘူး။ ၂၀၂၀ တုန်းကပါခဲ့တဲ့ မဲပေးခွင့်ရသူတွေ အစုလိုက်အပြုံလိုက် ပြန်ပါမလာတာက နေရာခပ်များများမှာ ဖြစ်ပေါ်နေပြီး သေသူတွေ မဲစာရင်းထဲမှာ ခပ်များများပါနေတာကတော့ သိပ်မထူးဆန်းတော့ပါဘူး။
အိမ်နီးချင်း အာဏာရှင်နိုင်ငံဖြစ်တဲ့ တရုတ်ကတော့ မင်းအောင်လှိုင်နဲ့အုပ်စုကို ထောက်ခံ အားပေးနေပါတယ်။ ကမ္ဘာကြီးမှာ အထီးမကျန်အောင် သူတော်ချင်းချင်း သတင်းလွေ့ ဖေးမနေပါပြီ။ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီကတော့ ဖျားနာနေတုန်းပါ။
ရေးသူ – ကောက်ရိုး


