Homeပြည်တွင်းသတင်းစစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်း မှာ ဝေဖန်ရေးသားသူ ၁၈၀၀ ကျော်ဖမ်းဆီးခံထားရ

စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်း မှာ ဝေဖန်ရေးသားသူ ၁၈၀၀ ကျော်ဖမ်းဆီးခံထားရ

၁ မတ်၊ ၂၀၂၅

စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်ကျော် ကာလထဲမှာ စစ်ကောင်စီကို အွန်လိုင်း မှာ ဝေဖန်ရေးသားတာ၊ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၈၈၄ ဦးအထိရှိတယ်လို့ Data for Myanmar အဖွဲ့က သိရပါတယ်။

ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၀ ဦးခန့် လစဉ် ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၁၉ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၃၇၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်လို့ သိရပါတယ်။

၂ဝ၂၂ ခုနှစ်ထဲမှာ ဖမ်းဆီးခံရသူ ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်ထဲမှာ ၆၁၅ ဦးနဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ဖမ်းဆီးခံရသူ ၃၇၅ ဦးနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ (ဖေဖော်ဝါရီလကုန်အထိ) ၂၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဖမ်းဆီးခံရတဲ့ အွန်လိုင်း အသုံးပြုသူဦးရေက ပျမ်းမျှ ၇ဝဝ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ထဲမှာတော့ ဖမ်းဆီးမှုတွေ ထက်ဝက်လျော့ကျလာပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ၂ လအတွင်း မြို့နယ်ပေါင်း ၁၄ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၂၀ ဦး ဖမ်းဆီးခံခဲ့ရလို့ ဖမ်းဆီးအရေးယူမှုတွေက ဆက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အများစုဟာ ရန်ကုန်တိုင်းနဲ့ မန္တလေတိုင်းက အွန်လိုင်းအသုံးပြုသူတွေဖြစ်ပြီး စုစုပေါင်း ၉၁၅ ဦးရှိပြီး ဖမ်းဆီးခံရသူတွေထဲက အများစုက Facebook ပေါ်မှာ ပြောဆိုရေးသားမှုတွေကြောင့်ဖြစ်လို့ ဆိုပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ လူမှုကွန်ယက်ကနေ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

PDF Game တွေကို မဆော့ဖို့နဲ့ အမုန်းစကားတွေ မပြောကြဖို့ စစ်ကောင်စီက သတင်းစာတွေကနေ ဖော်ပြပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး ဖမ်းဆီးအရေးယူတာတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

အစောပိုင်းမှာ Facebook လို လူသုံးများတဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ပြောဆိုရေးသားမှုတွေကိုသာ အဓိကထား အရေးယူ ခဲ့ပြီး ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်ထဲမှာတော့ TikTok ပေါ်က အကြောင်းအရာတွေကိုပါ စောင့်ကြည့်အရေးယူတာတွေ ပိုလုပ်လာပါတယ်။ ဖမ်းဆီးအရေးယူခံရသူတွေထဲမှာ နာမည်ကြီး အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေနဲ့ သတင်းသမားတွေလည်း ပါဝင်ခဲ့ပါတယ်။

Photo – Access now

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး