၃၀ အောက်တိုဘာ၊ ၂၀၂၄
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအကြိမ်ရေ မနှစ်ကထက် တိုးလာပြီး ပိုပြီး ရက်စက်ကြမ်းကြုတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ အကြီးအကဲ Nicholas Koumjianက ပြောဆိုပါတယ်။
အောက်တိုဘာလ ၂၉ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကော်မတီအစည်း အဝေး မှာ သူက ထုတ်ဖော်ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး ပြင်းထန်လာပြီး အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ သူက ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေထဲ မန္တလေးတိုင်း နဲ့ ကယားပြည်နယ်က စစ်ရှောင်ဒုက္ခသည်စခန်းတွေ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ဈေးတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ စစ်ကိုင်းက မင်္ဂလာပွဲတစ် ခုနဲ့ ရခိုင်ပြည်နယ်က ကျေးရွာတွေလည်း ပါဝင်တယ်လို့ ပြောဆိုပါတယ်။
စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်နေပြီး IIMM အနေနဲ့ အုပ်စုဖွဲ့ မုဒိန်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားပြီး ညှင်းပန်းနှိပ်စက်ခံခဲ့ရသူတွေ အပါအဝင် မျက်မြင်သက်သေတွေဆီကနေ ထွက်ဆိုချက်တွေကို စုဆောင်းထားတယ် လို့ ဆိုပါတယ်။
မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကိုလည်း စုဆောင်းနေပြီး တာဝန်အရှိဆုံးလူတွေကို လူမျိုးနဲ့ ကျားမ မခွဲခြားဘဲ ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ IIMM အကြီးအကဲက ပြောဆိုပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာလည်း အထူးစုံစမ်းမှုအသစ်တွေ ဆောင်ရွက်နေတယ်လို့ ထည့်ပြောပါတယ်။
IIMM ကို ပေးပို့လာတဲ့ သတင်းအချက်အလက်တွေအရ ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာနေပြီး မုဒိန်းမှု၊ ညှင်းပန်း နှိပ်စက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေဟာ ထိခိုက်မှုဒဏ်ကို ပိုခံရပြီး နှစ်ဘက်တိုက်ခိုက်မှုကြောင့် ဘေးထွက်ဆိုး ကျိုးတွေကို ခံစားရသလို တိုက်ရိုက်ပစ်မှတ်ထားပြီး နှစ်ဘက်လုံးက တိုက်ခိုက်မှုတွေ ကြုံတွေ့နေရပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့ အဖြစ်ဆိုးတွေဟာ ကျူးလွန်သူတွေအနေနဲ့ နှစ်ပေါင်းများစွာ အပြစ်လွတ်ကင်းနေခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်လို့ သူက အခိုင်အမာပြောပါတယ်။ ကျူးလွန်သူတွေကို တရားစွဲအရေးယူမှုမလုပ်နိုင်ရင် ဒီလိုရာဇဝတ်မှုတွေ ဆက်ပြီးဖြစ်နေဦးမယ်လို့ ဆိုထားပါတယ်။
IIMM အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ လုပ်ဆောင်ဖို့ အခွင့်အာဏာမရှိပေမယ့် ဥပဒေဆိုင်ရာ အခွင့်အာဏာရှိသူတွေကို တင်ပြကူညီသွားမှာဖြစ်ပြီး နိုင်ငံတကာတရားရုံးတွေမှာ အမှုတွဲတွေ တည်ဆောက်နိုင်ဖို့ တရားစီရင်ရေးအရာရှိတွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ ဆိုပါတယ်။
နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရားရုံးက တရားရေးအာဏာပိုင်တွေ ဆီကို အချက်အလက်နဲ့ စိစစ်သုံးသပ်ချက်တွေ မျှဝေဖို့ကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာ ဥပဒေကို အကြီးအကျယ်ချိုးဖောက်နေမှုကို ဆန်းစစ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။
Photo – UN