၁၆ စက်တင်ဘာ၊ ၂၀၂၄
ဒေါ်ဝေ(အမည်လွှဲ)တစ်ယောက် မိုးလင်းကနေမိုးချုပ်ဘာအလုပ်မှမလုပ်နိုင်ဘဲ သူမရဲ့သား ၂ ယောက်ပုံကို ကြည့်ရင်း မျက်ရည်စများဝေကျလာပါတယ်။
သူမတို့မိသားစုဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့က ကျေးရွာတစ်ခုမှာနေထိုင်ကြတာဖြစ်ပြီး သူမရဲ့သားကြီး ကိုဖြိုး(အမည်လွှဲ)၊ ၂၆ နှစ်ဟာ ရန်ကုန်မြို့က အဆောင်တစ်ခုမှာနေထိုင်ရင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်၊ ည ၉ နာရီလောက်မှာ အလုပ်ကအပြန် စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲသွားတာဖြစ်ပါတယ်။
“ ဒီသတင်းကို သူနဲ့အတူနေတဲ့အဆောင်က ကလေးတွေပြန်ပြောပြလို့သိခဲ့ရတာ။ အဆောင်ကလည်း ဘာတာဝန်မှမယူပေးဘူး။ ဘယ်ကိုဆက်သွယ်ရမယ်မှန်းလည်းမသိဘူး။ အခုထိလည်း သေသလား၊ ရှင်သလား မသိရပါဘူး” လို့ ဒေါ်ဝေက ရှိုက်ကြီးတငင်ငိုယိုပြီးပြောပါတယ်။
ဒေါ်ဝေရဲ့ဟာ ကလေးတွေငယ်စဉ်ကတည်းက ခင်ပွန်းဖြစ်သူဆုံးပါးသွားတဲ့အတွက်သား ၂ ယောက်ကို တစ်ဦးတည်းပြုစုပျိုးထောင်ခဲ့တာပါ။
သားကြီးဖြစ်သူကိုဖြိုး(အမည်လွှဲ) ဟာ ဆယ်တန်းပြီးတဲ့နောက်ရန်ကုန်မြို့ကိုရောက်ခဲ့ပြီး စားဖိုမှူးတစ်ယောက်အဖြစ်အသက်မွေးနေကာ စစ်ကောင်စီရဲ့ပေါ်တာဆွဲမခံရခင်အထိ အိမ်ကိုလစဉ် ငွေကြေးပြန်လည်ထောက်ပံ့ပေးနေသူဖြစ်ပါတယ်။
ဒေါ်ဝေဟာ သားကြီးဖြစ်သူရန်ကုန်ရောက်နေစဉ် နောင်ချိုမြို့က အမည်မဖော်လိုတဲ့ကျေးရွာမှာ သားငယ်ဖြစ်သူနဲ့အတူနေထိုင်နေတာ ဖြစ်ပါတယ်။
သားကြီးဖြစ်သူ ကိုဖြိုးကို စစ်ကောင်စီက ပေါ်တာဆွဲခံရပြီးတဲ့နောက် ဒေါ်ဝေတစ်ယောက် ဝမ်းနည်းချိန်တောင် လုံလောက်စွာမရလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သားငယ်ဖြစ်သူ နောင်လေး(အမည်လွှဲ)ကို စစ်ကောင်စီနဲ့တိုက်ခိုက်နေတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့စစ်မှုထမ်းဆင့်ခေါ်စာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ထွက်ရှိလာပြီး ရက်ပိုင်းမှာပဲလာရောက်ခေါ်ဆောင်သွားပါတော့တယ်။
“ အခုဆို သားကြီးရော၊ သားငယ်ပါ အဆက်အသွယ်မရှိတော့ဘူး။ နှစ်ယောက်လုံးကလည်း အပြန်အလှန်တိုက်နေတဲ့အဖွဲ့အစည်း ၂ ခုစီရောက်သွားတာ။ တိုက်ပွဲမှာ သူတို့ချင်းများ ထိပ်တိုက်တွေ့ကြရင်တော့….” လို့ဆိုရင်း ဒေါ်ဝေတစ်ယောက် အသံတိမ်ဝင်သွားပါတော့တယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအာဏာသိမ်းတာကို လက်မခံတဲ့ပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ကိုင်တော်လှန်ခဲ့ကြပါတယ်။
တိုက်ပွဲတွေကြာမြင့်လာတာနဲ့အမျှ နှစ်ဖက်လုံးမှာ လူအင်အားနည်းပါးလာကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာတော့ စစ်ကောင်စီဘက်ကနေ အရွယ်ရောက်အမျိုးသား/အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူစစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေအပြင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းကို ၂၄ လထက် မပိုတဲ့ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေဆိုရင်တော့ (၃၆) လထက် မပိုတဲ့ ကာလအပိုင်းအခြားမှာ စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်တယ်လို့ ဥပဒေမှာပါရှိပါတယ်။
အရေးပေါ် အခြေအနေဆိုရင်တော့ စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီစစ်မှုထမ်းဥပဒေထွက်ရှိပြီးနောက်ပိုင်းမှာ မြန်မာလူငယ်တွေဟာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုရှောင်တိမ်းဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလာကြပါတယ်။
ငွေကြေးတတ်နိုင်သူတွေကတော့ နိုင်ငံရပ်ခြားကို ကျောင်းတက်ရောက်ခြင်း၊ လူလတ်တန်းစားအများစုကတော့ အလုပ်သမားအဖြစ်နဲ့ထွက်ရှိခြင်းတို့နဲ့တိမ်းရှောင်ကြသလို တချို့လူငယ်တွေဟာ စစ်ကောင်စီကိုတန်ပြန်တိုက်ခိုက်နေကြတဲ့အဖွဲ့အစည်းတွေဆီမှာ တာဝန်ထမ်းဆောင်ဖို့တိမ်းရှောင်ကြပါတယ်။
ဒါပေမဲ့ လူငယ်တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် မရှောင်တိမ်းနိုင်ဘဲ ပြည်တွင်းမှာကျန်ရစ်ခဲ့ကြကာ စစ်ကောင်စီရဲ့ တရားမဝင်စစ်သားစုဆောင်းမှုထဲ ပါဝင်သွားကြတာဖြစ်ပါတယ်။
ဒီလို စစ်ကောင်စီရဲ့တရားမဝင်စစ်သားစုဆောင်းမှုတွေထဲမှာ ဒေါ်ဝေရဲ့သားကြီးဖြစ်သူ ကိုဖြိုးလည်း ပါဝင်သွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီကိုတိုက်ခိုက်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်မှုထမ်းဖို့ ဖိတ်ခေါ်မှုတွေပြုလုပ်နေကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့၇ မြို့ကို တိုက်ခိုက်သိမ်းယူထားတဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) ကလည်း တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်မှာထုတ်ပြန်လိုက်ပါတယ်။
ဒီဥပဒေအရ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိတဲ့ တအာင်း/ပလောင် အမျိုးသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး ညီအစ်ကို ၂ ဦးနဲ့အထက်ရှိတဲ့တအာင်းမိသားစုတစ်စုကို အမျိုးသားတစ်ဦး TNLA တပ်ဖွဲ့အတွင်း မဖြစ်မနေဝင်ရောက်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးမှာ သာသနာ့ဘောင်အတွင်း ဝင်ရောက်နေသူ၊ ကျန်းမာရေး ချို့ယွင်းသူ ဖြစ်နေပါက ၂ ဦးလုံး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး အသည်းရောင်အသားဝါ B ပိုး၊ C ပိုး ရှိသူတွေလည်း စစ်မှုထမ်းအမိန့်ကနေကင်းလွတ်မှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့မှာနေထိုင်တဲ့ဒေါ်ဝေရဲ့သားငယ်ဖြစ်သူ ကိုနောင်လေးကလည်း အမည်မဖော်လိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့မှတပါး ရွေးချယ်စရာလမ်းမရှိတော့ပါဘူး။
လက်ရှိမှာ စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းအင်အားတိုးမြှင့်ဖို့အတွက် တရားဝင်စာထုတ်ပြန်ခေါ်ယူနေမှုတွေရှိသလို တရားမဝင် ပေါ်တာဆွဲတာတွေကိုလည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်နေပါတယ်။
“ မြန်မာနိုင်ငံမှာ အရပ်သားတွေကို အတင်းအကြပ် စစ်တပ်ထဲဝင်ခိုင်းတာ၊ ကျေးရွာတွေကိုမီးရှို့နေတာတွေဟာ မြန်မာစစ်ကောင်စီအနေနဲ့အင်အားချိနဲ့လာတာကိုပြသပြီး တချိန်တည်းမှာ လူထုရဲ့ မကျေနပ်ချက်တွေပိုမိုကြီးမားလာစေမယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောကြားထားပါတယ်။
စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒဟာ တရားဝင်မှုမရှိတဲ့အတွက် ပြည်သူတွေလိုက်နာဖို့မလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရကလည်း ထုတ်ပြန်ကြေညာထားပါတယ်။
သို့သော်လည်း ဒီဥပဒေနဲ့အကျုံးဝင်နေတဲ့ မြန်မာလူငယ် အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၃ သန်းနီးပါး ရှိနေပြီး လူငယ်ပညာတတ်တွေကို နိုင်ငံတော်ကာကွယ်ရေးအတွက် အလေးပေးစုဆောင်းသွားမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။
မြန်မာနိုင်ငံဥပဒေတွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၁၉၅၉ ခုနှစ်ကတည်းက အာဏာသက်ဝင်ရှိခဲ့ပြီး သတ်မှတ်အသက်အရွယ်ရှိသူ နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။
အဲဒီနောက် ဦးသန်းရွှေလက်ထက် ၂ဝ၁ဝ ပြည့်နှစ်မှာတော့ ၁၉၅၉ ခုနှစ်ပြည်သူ့စစ်မှုထမ်းဥပဒေကို အနှစ်သာရမပျက်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေကိုထပ်မံရေးဆွဲခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဥပဒေကို ကျင့်သုံးခြင်းမရှိတာကြောင့် ၂၀၁၁ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက မေးခွန်းထုတ်ခဲ့ဖူးကာ လိုအပ်တဲ့အချိန်မှ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ဖို့ ပြဋ္ဌာန်းထားမှာဖြစ်တယ်လို့ အဲဒီကာလက ရှေ့နေချုပ်ဖြစ်တဲ့ ဦးအေးမောင်ကပြန်လည်ဖြေဆိုခဲ့ဖူးပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် အဖွဲ့အစည်းပေါင်းစုံကလည်း ၎င်းတို့ထံမှာ စစ်မှုထမ်းကြဖို့ ကြေညာထုတ်ဖော်မှုတွေ ဆက်တိုက်ဆိုသလိုရှိလာခဲ့ပါတယ်။
“ ရွေးချယ်ခွင့်မရတဲ့နင်းပြားဘ၀တွေကတော့ သူတို့လာဆို လာရတာပါပဲ။ သွားဆို သွားရတာပဲ။ အခုလည်း တိုက်ပွဲတွေဖြစ်လို့ ရွာကလူတွေကို ထွက်ခိုင်းတော့လည်း ကိုယ့်အိမ်လေးကိုယ်ထားပြီး ထွက်ခဲ့ရတာပါပဲ။ ဒါပေမဲ့ သားလေး ၂ ယောက်ကိုပူတဲ့အပူထက်ဆိုးတာဘာများရှိဦးမလဲ” လို့ ဒေါ်ဝေက ပြောရင်း သူမရောက်နေတဲ့စစ်ရှောင်စခန်းရဲ့အပြင်ကို ထွက်လာပါတယ်။
အဲဒီနောက် ဒေါ်ဝေတစ်ယောက် တိုက်ပွဲကပြန်လာတဲ့ရဲဘော်တွေကိုထွက်ကြည့်ရင်း ကျဆုံးသွားသူတွေထဲသား ၂ ယောက်နာမည်မပါဖို့ဆုတောင်းနေပါတော့တယ်။