By New Day Myanmar
ည ၁၁ နာရီဝန်းကျင်။ မိုးသံတဖြောက်ဖြောက်ကြား မပခ ကုန်းဘက်က တဖက်ကမ်းဝိုင်းမော်ဘက်ကို ရွှီကနဲ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်သံ ၃ ချက်လောက် ကြားရသည်။ တဖက်ကမ်းမှာ ကျရောက်ပေါက်ကွဲသံ သဲ့သဲ့ကြားလိုက်ရသည်။ ဘယ်နားတွေ ထိသွားသည်ကို မသိရသေး။
မြစ်ကြီးနားမြို့မှာ ဇူလိုင်လဆန်းထဲက တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဝိုင်ဖိုင် အင်တာနက်လိုင်းတွေလည်း တချို့နေရာတွေမှာ ပြန်မကောင်းသေး။ ဟိုတလောက ပြန်ကောင်းပေမဲ့ ဖုန်းလိုင်းတွေ မရတော့တာ ၁၃ ရက်ရှိပြီ ဖြစ်သည်။ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ကောင်းရင်လည်း ဘယ်ရွာနားကျည်ကျတယ် ဆိုတာလောက်တော့ အင်တာနက်ကတဆင့် ဝင်ကြည့်လို့ ရနိုင်သေးသည်။
မြစ်ကြီးနားမြို့ကို စစ်မီးပွားလာစင်မှာကို ကြောက်နေသူတွေထဲမှာ ကိုထွယ်အောင် (အမည်လွှဲထား)လည်းအပါအဝင် ဖြစ်ပါသည်။ သူက စစ်မှုမထမ်းချင်လို့ မွေးဖွားရာ ဇာတိရွာကနေ မြစ်ကြီးနားကို တစ်ယောက်ထဲ ပြောင်းလာပြီး ဝန်ထမ်းအလုပ် ဝင်လုပ်ရင်း တဖက်တလမ်းက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေသူလည်း ဖြစ်သည်။ သူ့အိပ်မက်က နိုင်ငံခြားမှာ Public Health Management နဲ့ ပတ်သတ်တဲ့ ဘွဲ့၊ ဒီပလိုမာတွေ တက်ရောက်ချင်သည်ဟု ဆိုသည်။
“ကျွန်တော်က နိုင်ငံတကာ INGO အဖွဲ့တစ်ခုက ဒေသခံ ရုံးဝန်ထမ်းပေါ့။ တဖက်ကလည်း အမေတို့ ဆီကရတဲ့အရင်းအနှီးနဲ့ ဆိုင်ကယ်ဝယ်ရောင်းလုပ်တယ်။ အသက်ကတော့ ၂၄ နှစ်ပြည့်ပြီးပါပြီ” လို့ သူက ပြောပြသည်။ ကိုထွယ်အောင်ဟာ သူ့အသက် ၁၆ နှစ်မှာ ကချင်ဒေသက တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့က စစ်မှုထမ်းဖို့ ခေါ်တဲ့အချိန်မှာ စစ်ကိုင်းတိုင်း၊ မြောက်ပိုင်း ခနတီး မြို့မြောက်ဘက် ဇာတိရွာကနေ မြစ်ကြီးနားကို တစ်ယောက်ထဲ ထွက်လာသူ ဖြစ်ပါသည်။
တခြားသော တိုင်းရင်းသား တပ်များနည်းတူ ကချင်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာလည်း လူသူလက်နက်အင်အားစုဆောင်းဖို့အတွက် သူတို့ထိန်းချုပ်ဒေသတွေမှာ အခွန်ကောက်ခံတာ အပြင် စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိသည်။ ကချင်ပြည်နယ်မှာတော့ KIA ၊ ကချင်ပြည်သူ့စစ် ၊ ရှမ်းနီတပ်လို့ ခေါ်တဲ့ RCSS/SSA နဲ့ သူတို့ ဗမာစစ်တပ်လို့ ခေါ်ဝေါ်တဲ့ စစ်ကောင်စီရဲ့တပ်မတော် တို့က အပြိုင်အဆိုင် လူစုကြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်က ကချင်ပြည်သူ့စစ်က KIA နဲ့ PDF တွေကို တိုက်ထုတ်ဖို့ တစ်အိမ် တစ်ယောက် စစ်ထဲပါရမည်ဟုဆိုကာ ချီဗွေပန်ဝါ ဒေသတဝိုက်က ရွာတွေကို အတင်းဝင်ရောက်စီးနင်းပြီး လူအင်အား စုဆောင်းသွားသည်။ တချို့အိမ်ထောင်စုတွေဆို တစ်မိသားစုထဲမှာ နှစ်ယောက်တောင် ခေါ်ခံလိုက်ရတာလည်း ရှိနေသည်။ ပါသွားတဲ့လူအင်အားအတိအကျ မသိသော်လည်း ပန်ဝါဒေသတဝိုက် ရွာတွေပေါင်းရင် ရာဂဏန်းနီးပါးတော့ ရှိနိုင်သည်လို့ ဒေသခံတွေက ခန့်မှန်းထားကြသည်။ စစ်ကောင်စီဘက်ကလည်း ဒီနှစ်မှာ ဧပြီလဆန်းက စပြီး ကချင်ဒေသက လူငယ်တွေကို စစ်မှုထမ်းဖို့ နာမည် စာရင်းကောက်ခဲ့သည်။
ကချင်ပြည်သူ့စစ်နဲ့ စစ်ကောင်စီက စုဆောင်းသလို ကချင်ပြည်က လက်နက်ကိုင်တွေ ဘက်ကလည်း တပ်သားစုဆောင်းမှုတွေ ရှိသည်။ ရွာတွေမှာ တစ်ရွာ ဘယ်နှယောက်ပေးရမည်ဆိုတဲ့ သတ်မှတ်ချက်အပြင် မြို့ပေါ်မှာပါ ညဘက်တွေ ကားနဲ့ ပတ်ရှာဖွေပြီး ဒီအတိုင်း လူမသိသူမသိ အဖမ်းခံလိုက်ရတာမျိုးလည်း ရှိသည်ဟု ကိုထွယ်အောင်က ဆိုသည်။ “ကျွန်တော်တို့ ရပ်ကွက်ထဲ ကားတစ်စီး မီးမှိန်မှိန်ထွန်းပြီး ရပ်ကွက်လမ်းတွေထဲ ကွေ့ဝင်လာရင် ပြေးတော့တာပဲ ။ မပြေးလို့လည်းမရဘူး။ အဲဒါ ပေါ်တာဆွဲတဲ့ကား ဖြစ်နိုင်တယ်၊ နေ့ခင်းကြောင်တောင် လမ်းမှာ ဘိန်းထိုးနေတဲ့ကောင်တွေ ၊ ညဘက်ဘားတွေ ကလပ်သွားတဲ့ကောင်တွေကျ မပါဘူး၊ အဲ့လို လူနေရပ်ကွက်တွေထဲမှာ လမ်းလျှောက်နေပြီဆို ပါသွားတယ်” လို့ သူက မကျေနပ်သလို ပြောသည်။
လက်နက်ကိုင်အဖွဲ့အမျိုးမျိုးဟာ ကချင်ပြည်နယ်တဝိုက်မှာ စစ်မှုထမ်းဖို့ လူအင်အားစုဆောင်းတာကို ပေါ်ပေါ်ထင်ထင် တွင်တွင်ကျယ်ကျယ် လုပ်တာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာထဲက ဖြစ်သည်။ ကိုထွယ်အောင်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန်တီးမြို့ တဖက်ကမ်းက ရွာလေးမှာ နေထိုင်တဲ့ သင်းအုပ်ဆရာဖခင်နဲ့ ကျန်းမာရေးဝန်ထမ်းမိခင်တို့မှ ပေါက်ဖွားလာသူ ဖြစ်သည်။ မွေးချင်း ၈ ဦးမှာ သားအကြီးဆုံးဖြစ်ပြီး သူတို့ရွာနီးချုပ်စပ်တွေကို စစ်သားလာစုဆောင်းနေတယ်ဆိုတဲ့ သတင်းကြားတဲ့အတွက် မြို့ ကျောင်းကအပြန် ရွာကို မပြန်တော့ဘဲ အမျိုးတွေရှိရာ မြစ်ကြီးနားမြို့ကို ထွက်လာခဲ့သည်။
“ဒီရောက်တော့အမျိုးတွေအိမ်မှာကပ်နေတာ ၊ အဖေနဲ့အမေကလည်း ပြန်မခေါ်တော့ဘဲ ဒီကပဲ ဆယ်တန်းဖြေတယ်။ ကျွန်တော်တို့ဘက်တွေက စစ်သားလာစုရင် ကလေးကအစ ခေါ်တာ။ တချို့ရွာတွေမှာ ဆယ့်သုံး၊ ဆယ့်လေးတွေကအစ ပေါ်တာဆွဲသွားတာ။ ကျွန်တော် ၇ တန်းတုန်းက သူငယ်ချင်းတစ်ယောက်က သူ့ရွာခနပြန်ရာကနေ ကျောင်းဖွင့်ရက်မှာ မြို့ကို ပြန်မလာတော့ဘူး။ နောက်မှ ပေါ်တာပါသွားမှန်းသိတယ် ။ ကလေးတွေကို လက်နက်ကိုင်တိုက်ခိုင်းတာတွေလည်း ကျွန်တော်ကြားဖူးတယ်။ ကျွန်တော်ကတော့ စစ်သားမဖြစ်ချင်လို့ ထွက်ပြေးလာတာပါ” လို့ သူက ပြောပြသည်။ မိဘတွေအနေနဲ့ သူ့စိတ်ကို နားလည်ပြီး မြစ်ကြီးနားမှာသာ ဆက်လက်နေထိုင်စေတဲ့အတွက် သူ ကျေးဇူးတင်နေခဲ့သည်။
ကချင်ပြည်နယ်ထဲမှာဆိုရင်လည်း ကချင်ပြည်နယ်ထဲက ကချင်လူမျိုးတွေသာမက ရှမ်းပြည်နယ်မြောက်ပိုင်း ၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းတို့က ကချင်လူမျိုးတွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တဲ့အပြင် ကချင်ပြည်နယ်ထဲက ရှမ်းစတဲ့ တခြားမျိုးနွယ်စုတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ရှိသည်။
ဒါ့အပြင် ကချင်ဒေသ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ တစ်ရွာကို နှစ်ယောက်စစ်သားအဖြစ်ထုတ်ပေးဖို့ တောင်းဆိုတာမျိုးလည်း ရှိသည်။
BNI လို့ ခေါ်တဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့က ပြုစုတဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန် အကိုးအကား ၂၀၁၈ – ၂၀၁၉ စာအုပ်မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ လှုပ်ရှားတဲ့ KIA မှာ လက်နက်ကိုင်အင်အား ၁၀၀၀၀ နဲ့ ၁၂၀၀၀ ကြားရှိမယ်လို့ ခန့်မှန်းထားသည်။ သို့သော် ၂၀၂၄ ခုနှစ်မှာတော့ KIA က တရားဝင်ထုတ်ပြန်တဲ့စာရင်းတွေအရ စစ်သားဦးရေ နှစ်သောင်းကျော် ရှိနေပြီး ငါးနှစ်အတွင်းမှာ နှစ်ဆနီးပါး မြင့်တက်လာပြီ ဖြစ်သည်။
အာဏာသိမ်းပြီး ကာလတွေမှာတော့ စစ်တပ်က နယ်မြေတွေဆုံးရှုံးနေရပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့က နယ်မြေတွေထိန်းချုပ်လာနေသည်။ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေလည်း ပါဝင်လာသည်။
“အခု ၅ နှစ်လောက်အတွင်းမှာကတော့ ကချင်မှာစစ်မှူထမ်းခေါ်တာက စစ်သားလုပ်ဖို့ဘဲမဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းတွေမှာ အုပ်ချုပ်ရေးမှူးလုပ်ဖို့တွေ၊ ၀န်ကြီးငှာနတွေမှာ တာ၀န်ထမ်းဆောင်ဖို့တွေ ရွေးချယ်စရာများလာတယ်၊ နောက် မိုင်ဂျာယန်မှာတက္ကသိုလ်တက်ခိုင်းတာ တရုတ်မှာတက်ပြီးပြန်လာမှ အုပ်ချုပ်ရေးတာ၀န်ထမ်းဆောင်ခိုင်းတာတွေလဲများတော့ လူငယ်တွေ အရင်ကထက်လိုလိုလားလားပိုတာ၀န်ထမ်းဆောင်လာကြတယ်။” လို့ KIA နဲ့ နီးစပ်သူ တဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲရန် ပြည်သူ့ရင်ခွင်နှင့် ဆက်သွယ်ဖို့အတွက် NUG အဖွဲ့က ကြေညာထားသည်။ သို့သော် NUG ရဲ့ကာကွယ်ရေး ဝန်ကြီးဌာနဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲနေသည့် KIA တပ်က လူစုဆောင်းခဲ့ရင် ဘယ်ကို ဆက်သွယ်ရှောင်ပြေးရမယ်ဘူးလို့ ကိုထွယ်အောင်၏ သူငယ်ချင်း မဒွဲရာ(အမည်လွှဲ) က ပြောပြသည်။ “မိန်းကလေးတွေကိုလည်း ခေါ်တယ်။ မိန်းကလေးတွေကိုတော့ နောက်တန်းမှာ ခိုင်းတယ်။ ကိုယ့်သဘောနဲ့ကိုယ်ဝင်တာ ၊ မိဘက ထည့်တာတွေ ရှိသလို အတင်း ခေါ်ခံရတာတွေ ရှိတယ်။ ကျွန်မက စစ်ထဲမပါချင်ဘူး။ ကျွန်မအိပ်မက်က ဆရာမ ဖြစ်ချင်တယ်”လို့ မဒွဲရာက ပြောပြပါတယ်။ သူမက INGO တွေက ပို့ချတဲ့ လူငယ်သင်တန်းတွေကို တက်ခဲ့ပြီး ပညာရေးအစီအစဉ်တွေမှာ တက်ကြွစွာ ပါဝင်နေသူတစ်ဦး ဖြစ်သည်။
“အခုတလော ဗမာတပ်တွေ ရောက်တော့ ပေါ်တာမဆွဲတော့ဘူးလို့ ထင်နေကြတယ်။ အခုလည်း တစ်လ နှစ်ယောက်လောက်တော့ မြို့မှာတောင် ဆွဲနေကြတာပဲ။ ဒါကြောင့်လည်း နိုင်ငံခြားနဲ့ ရန်ကုန် မန်းတလေးလိုမြို့တွေကို ထွက်ကုန်တာ” လို့ သူမက ဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သတ်ပြီး မှတ်တမ်းပြုစုနေတဲ့ ကိုရဲဟိန်းခေါ် ကိုဖိုးသကြန်ကတော့ စစ်မှုထမ်းဖို့ အတင်းခေါ်ယူတာဟာ လူ့အခွင့်အရေးကို အပြင်းထန်ဆုံးချိုးဖောက်တာ ဖြစ်ကြောင်း မှတ်ချက်ချသည်။ ဒီလို အဓမ္မ စုဆောင်းထားတဲ့သူတွေကို အသုံးပြုပြီး ဖြစ်လာနိုင်တဲ့အခြေအနေတွေက လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ စစ်မှုထမ်းအသစ်တွေကို ရှေ့တန်းစစ်မြေပြင်ကို အတင်းတွန်းပို့တာဟာ အသက်အနရာယ် ပြုန်းတီးမှုတွေ ဖြစ်စေပြီး နောက်ဆက်တွဲတွေ ကို ဖြစ်စေတယ်၊ နောက်ဆက်တွဲအနေနဲ့ အတင်းအဓမ စုဆောင်းခံရတဲ့ မိသားစုတွေရဲ့ နေထိုင်မှု လုံခြုံရေး တည်ရှိမှု ဒါတွေအားလုံးပျက်စီးသွားနိုင်တာကို ကျွန်တော်တို့တွေ့ရတယ်။ စစ်မှုမထမ်းချင်သူတွေဟာ နေရပ်ကနေ ထွက်ပြေးရတာကို ကျွန်တော်တို့တွေ့ရပါတယ်၊ စစ်မှုထမ်းခိုင်းတာဟာ လူ့အခွင့်အရေးကို အပြင်းထန်ဆုံးချိုးဖောက်တာပါ” လို့ သူက မှတ်ချက်ချသည်။
စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာအပြီး ငါးလအတွင်းမှာ အကြောင်းအမျိုးမျိုးပြပြီး ပြည်သူ ၆၀၀၀ နီးပါးကို ဖမ်းဆီးထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ အရပ်သား ပြည်သူ ၅၆၉၈ ဦးကို ဖမ်းဆီးခဲ့ပြီး ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး၊ ရိုဟင်ဂျာလူမျိုးတွေ အပါအဝင် ၁၈၃၈ ဦးကို ဖမ်းဆီးထားသည်။ စစ်ကိုင်းတိုင်းမှာ ၇၈၃ ဦး၊ ပဲခူးတိုင်းမှာ ၅၂၈ ဦး ၊ မကွေးတိုင်းမှာ ၄၄၇ ဦးထိ ဖမ်းဆီးခဲ့သည်။
ကျေးရွာတွေမှာ ဖမ်းဆီးခံရသူက ၂၃၇၄ ဦး ၊ မြို့ပြမှာ ဖမ်းဆီးခံရသူက ၁၉၉၇ ဦး ၊ခရီးသွားရင်း ဖမ်းဆီးခံရသူက ၃၉၈ ဦး ရှိနေပြီလို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Spring Revolution Database က စာရင်းတွေအရ သိရသည် ။ ကျောက်ဖြူမြို့က IDP Campတွေက နိုင်ငံသားမှတ်ပုံတင် ပေးမယ်ဆိုသည့် မက်လုံးနဲ့ ဒုက္ခသည်တချို့ကို စစ်မှုထမ်းဖို့ ခေါ်သွားတာမျိုးလည်း ရှိသည်။
ကုလသမဂမှာ NUG မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေကို နိုင်ငံတကာက ထိရောက်စွာ အရေးယူပေးရန် ကုလ အစည်းအဝေးတွေနဲ့ ဖိုရမ်တွေမှာ မကြာခဏ တိုက်တွန်းပြောဆိုထားသည်။ ဇူလိုင်လ ၁၀ ရက်မှာ ကျင်းပခဲ့တဲ့ ကုလလူ့အခွင့်အရေးဖိုရမ်မှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု ၊ စစ်ရာဇဝတ်မှုတွေနဲ့ ရိုဟင်ဂျာလို လူနည်းစု တိုင်းရင်းသားတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမှုတို့နဲ့ပတ်သတ်ပြီး အရေးယူဖို့ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စစ်တပ်အပြင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက ကလေးစစ်သားစုဆောင်းသုံးစွဲမှုတွေ ရှိနေတယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နိုင်ငံတကာ ကလေးစစ်သားများဆိုင်ရာအဖွဲ့ Child Soldiers International က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။
“တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသွားရင်တော့ စစ်မတိုက်ချင်တဲ့လူငယ်တွေ စစ်မတိုက်ရတော့တဲ့နေ့ ရောက်လာတော့မှာပါ” လို့ မဒွဲရာက မျှော်လင့်ချက်အပြည့်နဲ့ ပြောလိုက်သည်။ ကိုထွယ်အောင်က “စစ်ကြီးပြီးရင်ကော စစ်သားမလိုဘဲနေမှာလား” လို့ ဝင်ပြောပြီး ရယ်မောနေကြသည်။ ရယ်မောနေပေမဲ့ သူတို့မှာ စစ်ကြီးအမြန်ပြီးစေချင်တဲ့ မျှော်လင့်ချက်တွေအပြည့်အဝရှိမှန်း မျက်လုံးတွေမှ တဆင့် မြင်နေရသည်။