၆ နိုဝင်ဘာ၊၂၀၂၄
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်အတွင်း အတူလိုက်ပါလာတဲ့ မြန်မာခရိုနီးကြီးတစ်ချို့ တရုတ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး အကျိုးတူပူးပေါင်းလုပ်ဆောင်ဖို့ကြိုးစားလာတယ်လို့ သတင်းအရင်းအမြစ် အချို့ထံက သိရပါတယ်။
မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားမှုကြောင့် နိုင်ငံခြားဝင်ငွေ လျော့နည်းလာတဲ့အပေါ် စစ်ကောင်စီကောင်စီအနေနဲ့ ၎င်းထွက်ပေါက်ရနိုင်မယ့် နည်းလမ်းပေါင်းစုံကို ရှာဖွေနေပြီး အဲဒီအထဲမှာတရုတ်လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေပါဝင်လာဖို့ မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အတွင်း လိုက်ပါသွားကြသူတွေထဲမှာ အာဏာရှင် အဆက်ဆက်နဲ့ ရင်းနှီးကျွမ်း ဝင်သူတစ်ဦးဖြစ်တဲ့ ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် တရုတ်နွယ်ဖွား ဦးကျော်ဝင်း ၊ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်စန်း၊မြန်မာခရိုနီများထဲ သိုသိုသိပ်သိပ်နေလေ့ရှိသူပြီးစစ်တပ်ပိုင် Mytel ရှယ်ယာပါ သော Myanmar International Telecom ကုမ္ပဏီရဲ့ ရှယ်ယာဘုတ်အဖွဲ့ဝင် Fortune Intrnational ပိုင်ရှင် ဒေါက်တာ မြဟန်အပြင် စစ်တပ်အားလိုလားတဲ့ ကုန်သည်စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင်အများအပြား ပါဝင်တယ်လို့ ခိုင်မာတဲ့ သတင်းအရင်းအမြစ်တစ်ဦးထံက သိရပါတယ်။။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel မှာ တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို စစ်ခေါင်းဆောင်က ဦးဆောင်ကျင်းပခဲ့ပြီး ဘိလပ်မြေထုတ်လုပ်ရေး၊ ရေအားလျှပ်စစ်လုပ်ငန်းတွေနဲ့ လျှပ်စစ်ကားလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ လာ ရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ထွက်ပေါ်လာတဲ့ ဓါတ်ပုံမှတ်တမ်းတစ်ခုမှာ ရွှေသံလွင်ဦးကျော်ဝင်းဟာ စစ်ခေါင်းဆောင်နဲ့ အနီးကပ်နေပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးနဲ့စကားပြောနေတာကို တွေ့ရပြီး တရုတ်ခရီးစဉ်ထဲ မြန်မာ့ထိပ်တန်း လုပ်ငန်းရှင်ကြီး တွေဖြစ်တဲ့ ဦးဇော်ဇော်၊ဦးခင်မောင်အေး၊ဦးအောင်ကိုဝင်း စတဲ့သူတွေကိုတော့ လိုက်ပါသွားသူတွေထဲ မတွေ့ရ ဘူးလို့လည်း ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။
Photo – MOI