၁၉ မတ်လ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရွှေလုပ်ငန်းရှင် ၃ ဦးကို ဒီနေ့ မတ်လ ၁၉ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီအပြင် ငွေဒဏ် ကျပ် ၅ သိန်းစီ ချမှတ်လိုက်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေကတော့ ရန်ကုန်တိုင်း အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ ဖြစ်ပါတယ်။
စစ်ကော်မရှင် က အဲ့ဒီလုပ်ငန်းရှင်တွေကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေမှုဖြစ်တယ်ဆိုတဲ့ အကြောင်းပြချနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီလအတွင်း အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီသုံးဦးကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့ အရေးယူထားတာဖြစ်ပြီး ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေမှုနဲ့ ဆက်စပ်တယ်လို့ သိရပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ ဦးမျိုးမြင့်ဟာ ၂၀၂၆ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၇၀ ကျပ်သားကို ပြင်ပဈေးနဲ့ ဝယ်ယူပြီး ပြန်လည်ရောင်းချဖို့ သိုလှောင်ထားခဲ့တယ်လို့ သိရပါတယ်။ ဦးမျိုးသူဝင်းနဲ့ ဦးနေမျိုးထက်တို့လည်း ၂၀၂၅ ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလအတွင်း ရွှေများစွာကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူပြီး ဈေးမြှင့်တင် ရောင်းချခဲ့တာတွေ စိစစ်တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ ပြစ်ဒဏ်ချမှတ်ချိန်မှာတော့ ယခင်ထုတ်ပြန်ထားတဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူလိုက်တယ်လို့လည်း သိရပါတယ်။
ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ပေါက်ဈေးအတိုင်း လိုက်ပါပြောင်းလဲနေပြီး အစိုးရသတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့ လက်တွေ့ဈေးကွက်အခြေအနေကြား ကွာဟမှုရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောဆိုထားပါတယ်။ ဒါကြောင့် စစ်ကော်မရှင်က သတ်မှတ်တဲ့ စျေးနဲ့ ရောင်ချရတာ ဟာ မဖြစ်သင့်ဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောကြပါတယ်။


