Homeပြည်တွင်းသတင်းစစ်ကောင်စီခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ အာဂျင်တီးနားအစိုးရကို လျှောက်ထားမှု Global Justice Center အားပေးထောက်ခံ

စစ်ကောင်စီခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ အာဂျင်တီးနားအစိုးရကို လျှောက်ထားမှု Global Justice Center အားပေးထောက်ခံ

၃ ဇူလိုင်၊ ၂၀၂၄

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သတ်ပြီး ဖမ်းဝရမ်း ၂၅ ခု ထုတ်ပေးဖို့ အာဂျင်တီးနားတရားရုံးကို လျှောက်ထားလိုက်တဲ့လုပ်ရပ်အပေါ် Global Justice Center က မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက ပထမဆုံးလုပ်ဆောင်လိုက်တဲ့ အားတက်စရာခြေလှမ်းတစ်ခုဖြစ်တယ်လို့ အားပေးထောက်ခံလိုက်ပါတယ်။ ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒီတရားရုံး လျှောက်ထားချက်ကို မြန်မာနိုင်ငံက စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးတော်ကနေ ဖမ်းဝရမ်းထုတ်ဖို့ ဇွန်လ ၂၈ ရက်နေ့က လျှောက်ထားခဲ့တာပါ။

“မြန်မာစစ်တပ်က မင်းအောင်လှိုင်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို ပထမဆုံးအဖြစ် ဖမ်းဝရမ်းထုတ်တာ မြင်ရဖို့ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ပါပြီ ။ ဒီဖမ်းဝရမ်းထုတ်ခံရရင် မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ရှောင်လွှဲဖို့ နည်းလမ်းမရှိဘူးဆိုတာ ပိုသိသာစေမှာ ဖြစ်ပါတယ်” လို့ Burmese Rohingya Organisation UK (BROUK)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

Global Justice Center က အကြီးတန်းဥပဒေအကြံပေး Michelle Onello က “စစ်ကောင်စီဟာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အရှိန်မြှင့်တိုက်ခိုက်နေချိန်ဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ပိုပြီး အထောက်အကူ ပေးဖို့ ကြိုးပမ်းသင့်ပါတယ်။ တစ်ဖက်မှာလည်း စက်ဆုပ်ရွံရှာဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတာကိုလည်း အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းဖို့လိုပါတယ်”လို့ တိုက်တွန်းပါတယ်။

နိုင်ငံတကာဥပဒေတွေအရ အလွန်ဆိုးဝါးရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal Jurisdiction သဘောတရားအရ ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အာဂျင်တီးနားအစိုးရရှေ့နေက ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ နာမည်စာရင်းမှာတော့ ၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမိန့်ပေးစေခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး ၊ တပ်မ ၃၃ ခြေလျင်တပ်ရင်း တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ၊ ရဲမှူး ခေါရှည်၊ ရွာသူကြီးအောင်စံမြ စသူတွေ ပါဝင်နေသလို BROUK က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားခြင်းမရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်နေပါတယ်။

ဓါတ်ပုံ – AP (၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြသော ရိုဟင်ဂျာများကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ

Most read