Homeပြည်တွင်းသတင်းစစ်ကောင်စီကို ပြင်သစ်ထုတ် ATR လေယာဉ်တွေ ဝယ်ယူအသုံးပြုဖို့ ကူညီပေးခဲ့တဲ့ ကုမ္ပဏီကွန် ယက်ကို JFM ဖော်ထုတ်

စစ်ကောင်စီကို ပြင်သစ်ထုတ် ATR လေယာဉ်တွေ ဝယ်ယူအသုံးပြုဖို့ ကူညီပေးခဲ့တဲ့ ကုမ္ပဏီကွန် ယက်ကို JFM ဖော်ထုတ်

၂၉ ဩဂုတ်၊ ၂၀၂၄

ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ်တွေကို စစ်ကောင်စီ ဝယ်ယူနိုင်အောင် ကူညီပေးထားတဲ့ ကမ္ဘာတဝန်းမှ ကုမ္ပဏီတွေ ပါဝင်တဲ့ ကွန်ယက်ကို Justice For Myanmar က ဖော်ထုတ်လိုက်ပါတယ်။

စစ်ကောင်စီဟာ ပြင်သစ်ထုတ် ATR လေယာဉ်တွေကို နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ စစ်သားတွေနဲ့ စစ်လက်နက် သယ်တဲ့နေရာမှာ၊ ဝေဟင်ထောက်လှမ်းရေးနဲ့ ကင်းထောက်လုပ်ငန်းတွေ လုပ်တဲ့နေရာတွေမှာ အသုံးပြုနေပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို ပိတ်ဆို့ကန့်သတ် ထားတာကြောင့် ATR လေယာဉ်တွေ လွှဲပြောင်းရောင်းချခဲ့တဲ့ နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ် လက်နက်ပွဲစားများနဲ့ စီးပွားရေးလေကြောင်းလိုင်းများဟာ နောက်ဆုံးလက်ဝယ်အသုံးပြုသူကို ဖုံးကွယ် ပေးထားကြတယ်လို့ JFM ရဲ့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနဲ့ နိုင်ငံတကာကုမ္ပဏီတွေပါဝင်တဲ့ စီးပွားရေး ကွန်ယက်ဟာ စစ်ကောင်စီအတွက် လေယာဉ်အပိုပစ္စည်းတွေ ဝယ်ယူပေးခြင်း၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေ ပေးအပ်ခြင်းတွေ လုပ်နေပြီး စစ်ကောင်စီကို တဖက်တလမ်းက ကူညီနေတယ်လို့ JFM က စုံစမ်းနိုင်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက ATR နှင့် Sabena Technics၊ ဩစတြီးယားနိုင်ငံက Axis Flight Simulation Systems တို့အပါအဝင် ဥရောပကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ လေယာဉ်အဓိကအစိတ်အပိုင်း တွေပြုပြင်ပေးတာ၊ အရေးပါတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ အပိုပစ္စည်းတွေ ရောင်းချပေးတာ၊ ATR လေယာဉ်တွေ မောင်းနှင်နိုင်ဖို့ မြန်မာစစ်ကောင်စီလေတပ်က လေသူရဲတွေကို သင်တန်းပေး နေတာ စတဲ့အကူအညီတွေ ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဥရောပသမဂ္ဂက ကန့်သတ်ပိတ်ဆို့ပြီးတဲ့နောက်ပိုင်း ၂၀၁၈ မှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 24 Hour Group ပိုင်ဆိုင်တဲ့ Air KBZ (ယခု Mingalar Aviation)ဟာ စစ်ကောင်စီ အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူလွှဲပြောင်းခဲ့ပါတယ်။

စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group ဟာ ဗီယက်နမ်လေကြောင်းလိုင်းတွေက ATR လေယာဉ် နှစ်စီးဝယ်ယူဖို့ နာမည်ခံပေးခဲ့ပါတယ်။

စစ်အုပ်စုနဲ့ပတ်သတ်နေတဲ့ KT Group ဟာ စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူဖို့ သူတို့ရဲ့ British Virgin Islands ကုမ္ပဏီခွဲ MWG Limited ကတဆင့် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ ပါတယ်။

တခြားATR လေယာဉ်တွေကို ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးထားပြီး ထူးကုမ္ပဏီအုပ်စုဟာ စစ်တပ်အတွက် အနည်းဆုံး ATR ၆ စီးကို ပြုပြင်ထိန်းသိမ်းပေးနေပါတယ်။

Air KBZ ဟာ အရပ်ဘက်လေကြောင်းပြေးဆွဲဖို့ ATR လေယာဉ်နှစ်စီးထက်မနည်းကို စစ်တပ်ဆီက ပြန်ငှားပြီး စစ်အုပ်စုကို ဝင်ငွေရရှိစေပါတယ်။

စင်ကာပူနိုင်ငံက ကုမ္ပဏီတချို့က အာဏာသိမ်းပြီးနောက်မှာ ATRလေယာဉ်အတွက် အရေးပါတဲ့ စက်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေ ရောင်းချပေးနေပါတယ်။

24 Hour Group၊ KT Group၊ Gateway Group နဲ့ Htoo Group အပါအဝင် စစ်တပ်ကို ပံ့ပိုးကူညီ နေတဲ့ ကုမ္ပဏီအားလုံးကို ဒဏ်ခတ််ပိတ်ဆို့မှုတွေ ပိုလုပ်သင့်တယ်လို့ JFM က ထောက်ပြပါတယ်။

စစ်ကောင်စီလေတပ်က အပိုပစ္စည်းတွေနဲ့ လဲလှယ်ရမယ့် စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝယ်ယူ ရရှိ နေတာ၊ လေယာဉ်အမှုထမ်းနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းတွေ ရရှိနေတာ၊ လေတပ်ရဲ့ ATR လေယာဉ်တွေဆက်လက်ပျံသန်းနိုင်မှုအတွက် လိုအပ်တဲ့ညွှန်ကြားချက်တွေ ရနေတာကို ချက်ချင်း ပိတ်ပင်သင့်တယ်လို့ နိုင်ငံတကာအစိုးရတွေကို Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ရှမ်းမြောက်ဒေသကို ၂၁ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်၊ ချင်းပြည်နယ်မှာ ၄ ကြိမ်၊ ရခိုင်ဒေသမှာ ၁၄ကြိမ်၊ မန္တလေးတိုင်းမှာ ၁၆ကြိမ်၊ ကရင်နီပြည်နယ်မှာ ၁ ကြိမ်၊ ပဲခူးတိုင်းမှာ ၄ကြိမ်၊ မွန်ပြည်နယ်မှာ ၂ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၁ကြိမ် လေကြောင်းက တိုက် ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လမှာ လူနေအိမ် ၁၂၂ လုံး၊ စာသင်ကျောင်း ၆ ကျောင်း ၊ ဘာသာရေးအဆောက်အအုံ ၈လုံးနဲ့ဆေးရုံ ၂ ခု ပျက်စီးခဲ့ပါတယ်။

Photo – Justice For Myanmar

ဆက်စပ် သတင်းများ

Most read