Homeပြည်တွင်းသတင်းစက်သုံးဆီဈေးမြင့်တက်တာကို အခွင့် ကောင်းယူပြီး ယာဉ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို သုံးစွဲခွင့်ပယ်ဖျက်မယ်လို့ စွမ်းအင်ဝန်ကြီးဌာန သတိပေး

စက်သုံးဆီဈေးမြင့်တက်တာကို အခွင့် ကောင်းယူပြီး ယာဉ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို သုံးစွဲခွင့်ပယ်ဖျက်မယ်လို့ စွမ်းအင်ဝန်ကြီးဌာန သတိပေး

၁၆ မတ် ၂၀၂၆ ၊ New Day Myanmar

စက်သုံးဆီဈေးမြင့်တက်တာကို အခွင့်ကောင်းယူပြီး ယာဥ်စီးခပိုတောင်းတဲ့ CNGတက္ကစီတွေကို CNG သုံးစွဲခွင့်ကနေပယ်ဖျက်မယ်လို့ မနေ့က မတ်လ ၁၅ရက်မှာ စစ်ကော်မရှင်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ရန်ကုန်မြို့မှာ စက်သုံးဆီဈေးမြင့်တက်လာတာကို အကြောင်းပြပြီး ဈေးနှုန်းပိုတောင်းလာတာတွေ ရှိတဲ့အပေါ် တိုင်ကြားလာတာကြောင့် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ရှေ့ပြေးစီမံကိန်းအနေနဲ့ CNG သုံးယာဉ်တွေမှာ Meteringစနစ် တပ်ဆင်တာ၊ နည်းပညာအသုံးပြုပြီး ဓာတ်ငွေ့ဖြန့်ဖြူးတာကိုလည်း ထိန်းချုပ်သွားမယ့်အပြင် YBS ယာဉ်တွေအနေနဲ့ သတ်မှတ် လမ်းကြောင်းအတိုင်းသာ မောင်းနှင်ဖို့ ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“YBS တွေက ပုံမှန်ဈေးဘဲ။ အခုဖြစ်နေတာက CNGတက္ကစီတွေ ကားကစုတ်တဲ့အပြင် တောင်းတဲ့ဈေးက ဆီကားအတိုင်းတောင်းတာ။ အခုလို လုပ်တာကိုတော့ ကြိုဆိုရမှာပဲ”လို့ စက်သုံးဆီအသုံးပြုမောင်းနှင်နေတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ဒီလိုအရေးယူဆောင်ရွက်တာကို ရန်ကုန် တိုင်း အစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာအ ဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို စီးနင်းခပိုတောင်းခံတဲ့ ယာဉ်တွေကို တိုင်ကြားလိုရင် ၀၉၇၉၄၁၁၅၄၁၀ ၊ ၀၉၂၆၂၄၆၇၀၇၇ ကို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ CNG ၁ ကီလိုဂရမ်ကို ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့၂၀၀၇ ခုနှစ်ကနေစတင်ပြီးဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ရောင်းချ ပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး