Homeပြည်တွင်းသတင်းဂျပန်နိုင်ငံက မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးအဆင့်အတန်း လျော့ချ

ဂျပန်နိုင်ငံက မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးအဆင့်အတန်း လျော့ချ

၃၀ စက်တင်ဘာ၊ ၂၀၂၄

ဂျပန်နိုင်ငံအစိုးရဟာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကြောင့် မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးအဆင့်အတန်းလျော့ချလိုက်ပြီဖြစ်တယ်လို့ ဂျပန်သတင်းဌာနတွေမှာဖော်ပြပါတယ်။

နောက်ထပ်အသစ်ထပ်ခန့်ရမယ့် သံအမတ်သစ်ဟာ အထောက်အထားတွေ တင်ပြပြီး စစ်ကောင်စီဆီက အတည်ပြုချက်ကို ရယူရမှာ ဖြစ်တဲ့အတွက် ဒါဟာ တနည်းနည်းနဲ့ စစ်ကောင်စီကို အစိုးရအဖြစ်နဲ့ အသိအမှတ်ပြုပြီး ထောက်ခံချက်ကို ရယူသလို ဖြစ်နေမှာကို စိုးရိမ်နေကြတယ်လို့ သံတမန်သတင်းတွေက ဆိုပါတယ်။

ဂျပန်အစိုးရဟာ အနောက်နိုင်ငံတွေ နဲ့မတူဘဲ အာဏာသိမ်း စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အရေးယူပိတ်ဆို့တာတွေ မချမှတ်ရသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်အိုင်ချီယို မာရူယာမာဟာ စက်တင်ဘာလ၂၇ ရက်က ဂျပန်ကို ပြန်သွားခဲ့တာဖြစ်ပြီး သူ့နေရာမှာ သံအမတ်အစားထိုးဦးမှာ မဟုတ်ဘဲ သံရုံးဒုတိယအကြီးအကဲတစ်ဦးဖြစ်တဲ့ ရှိုဂိုယိုရှီတာကီက သံရုံး ယာယီတာဝန်ခံအဖြစ် တာဝန်ယူသွားမယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးထဲက မြန်မာနိုင်ငံမှာဂျပန်စီးပွားရေးသမားတစ်ဦးနဲ့ ဂျပန် သတင်းထောက်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ Aeon က ဂျပန်လူမျိုးအကြီးအကဲ Kamamatsu ၊ ဂျပန်သတင်းထောက် Yuki Kitazumi နဲ့ Toro Kubota တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဒါ့အပြင် ဂျပန်လူမျိုးသတင်းထောက် Kenji Nagai ကလည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သတင်းယူနေတုန်း မြန်မာစစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ဂျပန်နိုင်ငံကနေ လာရောက်လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းတွေ အပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့လည်း ဂျပန်အခြေစိုက်သတင်းမီဒီယာအချို့မှာ ရေးသားဖော်ပြထားပါတယ်။

ပုံစာ – တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ ဂျပန်သံအမတ် Ichiro Maruyama

Photo – Mainichi

ဆက်စပ် သတင်းများ

Most read