Homeပြည်တွင်းသတင်းချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစကလေးငယ်တစ်ဦး ရွှေပြည်သာ လူမှုဖူလုံရေးဆေးခန်းအတွင်း စွန့်ပစ်ခံရ

ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစကလေးငယ်တစ်ဦး ရွှေပြည်သာ လူမှုဖူလုံရေးဆေးခန်းအတွင်း စွန့်ပစ်ခံရ

၂၆ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် မြို့၊ ရွှေပြည်သာစက်မှုဇုန်အတွင်းရှိ လူမှုဖူလုံရေးဆေးခန်းတစ်ခုမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးငယ်တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တစ်ခုက New Day Myanmar ကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်ဟာ မနေ့က ဖေဖော်ဝါရီ ၂၅ ရက် မနက် ၈ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အမျိုးသမီးတစ်ဦးက ဆေးခန်းပြမယ်လို့ ဟန်ဆောင်ပြီး ကလေးငယ်ကို ဆေးခန်းအတွင်း ထားခဲ့ကာ ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးငယ်ဟာ ချက်ကြိုးမဖြတ်ရသေးတဲ့ အခြေအနေဖြစ်ပြီး ကျန်းမာရေးအခြေအနေ အထွေထွေကောင်းမွန်ပေမယ့် လက်ကျိုးဒဏ်ရာရှိကာ ဆေးသွင်းပိုက်တန်းလန်းဖြင့် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဆေးခန်းတာဝန်ကျ သူနာပြုများနဲ့အတူ လူမှုကူညီရေးအဖွဲ့ဝင်တွေက ကလေးငယ်ကို အင်းစိန်ပြည်သူ့ဆေးရုံ သို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

လတ်တလောအခြေအနေမှာ ကလေးငယ်ကို စွန့်ပစ်သွားသူများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး