၁၄ မတ်လ ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ကြား တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ကွတ်ခိုင်မြို့အတွင်းပိုင်းအထိ ရောက်ရှိလာခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့အတွင်း နေရာတချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိတိုက်ပွဲအခြေအနေအရ MNDAA ဘက်က ကွတ်ခိုင်မြို့နယ်ထဲကို စစ်ကြောင်းတွေ ခွဲပြီး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ သူ့ရဲ့အဆိုအရ MNDAA စစ်ကြောင်းတွေဟာ လမ်းကြောင်းအမျိုးမျိုးကနေ ဝင်ရောက်လာပြီး TNLA တပ်တွေကို ဖိအားပေးတိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ကွတ်ခိုင်မြို့အစွန်ဘက် ရဲစခန်းအနီးမှာ TNLA တပ်တွေ အထိုင်ချထားတဲ့ ဗျူဟာကုန်းတစ်ခုကို MNDAA တပ်တွေက သိမ်းယူဖို့ ကြိုးပမ်းထိုးစစ်ဖော်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်နဲ့နီးတဲ့ နမ့်ဖတ်ကာဒေသမှာလည်း MNDAA ဘက်က TNLA ရဲ့ အုပ်ချုပ်ရေးရုံးတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဗုံးကျည်တစ်လုံးဟာ အရပ်သားနေအိမ်အနီးကို ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။


