Homeပြည်တွင်းသတင်းကန်ပိုက်တည်က ထွက်ပြေးသွားတဲ့ မြန်မာစစ်သား ၃၀၀ ကျော်ကို တရုတ် မူဆယ်ဂိတ်ကနေ ပြန်လွှဲအပ်

ကန်ပိုက်တည်က ထွက်ပြေးသွားတဲ့ မြန်မာစစ်သား ၃၀၀ ကျော်ကို တရုတ် မူဆယ်ဂိတ်ကနေ ပြန်လွှဲအပ်

၂၄ နိုဝင်ဘာ၊ ၂၀၂၄

ကချင်ပြည်နယ်၊ အထူးဒေသ ၁၊ ကန်ပိုက်တည်မြို့ တိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို တရုတ်နိုင်ငံ အာဏာပိုင်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စစ်ကောင်စီတပ်တွေဆီကို ပြန်လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။

ကန်ပိုက်တည်မြို့က တိမ်းရှောင်လာတဲ့ စစ်တပ်ဖွဲ့ဝင် ၃၀၂ ဦးကို နိုဝင်ဘာ ၂၃ ရက်၊ ည ၇နာရီအချိန်လောက်မှာ တပ်မ ၉၉ ကို ပြန်အပ်ခဲ့ပြီး သူတို့ဟာ မူဆယ်မှာ တပ်မ ၉၉ နဲ့ပေါင်းစည်းကာ တပ်မအဖြစ် အထိုင်ပြန်ချသွားမယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ ကန်ပိုက်တည်မြို့ကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၂ဝ ရက်နေ့က သိမ်းယူခဲ့တာပါ။ ကန်ပိုက်တည်ကို သိမ်းယူလိုက်တဲ့အတွက် ကချင်ပြည်နယ်၊ အထူးဒေသ ၁ တစ်ခုလုံးကို KIA နဲ့ပူးပေါင်းတပ်တွေက အပြီးသတ် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိ မူဆယ်ကို မတိုက်ဖို့ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ကို တရုတ်ဘက်က သတိပေးထားနေပြီး ကန်ပိုက်တည်တုန်းကလည်း အခုလို သတိပေးထားပေမယ့် KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

“မနေ့ညက ဒီဘက်ကျယ်ဂေါင် မူဆယ်ဂိတ်ကို မြန်မာစစ်သားတွေ လာပို့တယ်လို့ကြားပါတယ်။ အစကတော့ စစ်ကားတွေ ၁၀စီးဝန်းကျင်လောက် ဖြတ်သွားတော့ မြို့ကလူတွေ အံ့ဩနေကြတာ။ နောက်မှ ဟိုဘက်ခြမ်းမှာလဲ တရုတ်ရဲ၊ တရုတ်တပ်တွေ အစုံပဲ ဒီဘက်ထိ လာအပ်ကြတာ။ မူဆယ်မြို့က ပုံမှန်ပါပဲ။ ကုန်တွေ မဝင်ဘူးဆိုပေမယ့် တနည်းနည်းနဲ့တော့ ဒီဘက်ကိုရောက်တယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီက ခံစစ်အဖြစ် အသည်းအသန်ခံစစ်ပြင်ဆင်ထားနေပါတယ်။ မူဆယ်မြို့မှာ စစ်ရေးငြိမ်သက်နေပြီး အခု ထပ်ရောက်လာတဲ့ ၃၀၀ ကျော်နဲ့ဆို စစ်ကောင်စီတပ်သား ထောင်ဂဏန်းနီးပါး ရှိနေပြီလို့ ဒေသခံတွေကဆိုပါတယ်။

ပုံစာ – နိုဝင်ဘာ ၂၃ ရက် ညပိုင်းက မူဆယ်ကိုရောက်ရှိလာတဲ့ ကန်ပိုက်တည်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများ

Photo – Citizen

ဆက်စပ် သတင်းများ

Most read