မန္တလေးမှာ ငလျင်ကြောင့် ပြိုကျအဆောက်အဦးတွေကနေ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ဈေးကွက်သဖွယ်ရှာဖွေနေပြီး ရောင်းစားနေကြတယ်လို့ ကျောက်ပွဲစားတွေထံကနေ သိရပါတယ်။
ငလျင်ကြောင့် Sky Villa ၊ ဂရိတ်ဝေါဟိုတယ် အစရှိတဲ့ တိုက်တာအဆောက်အဦတွေနဲ့ အဆောက်အဦး အများအပြားပြိုကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီအဆောက်အဦတွေမှာ ချမ်းသာသူအများ စုနေထိုင်တာကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းတွေလည်း အမြောက်အမြားပါသွားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ဆီကို လာလာရောင်းကြတယ်။ ပစ္စည်းကောင်းလေးတွေပေါ့။ သူတို့က ရတဲ့ဈေးနဲ့ရောင်းကြတာ။ ဈေးကွက်လိုတောင်ဖြစ်နေပြီ။ ဒီမှာ အများဆုံးက တိုက်တွေချည်းပြိုတာ။ ပြီးတော့လည်း ကျောက်ကုန်သည်တွေကအများဆုံးပဲ” လို့ ကျောက်ပွဲစားတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
လက်ဝတ်ရတနာတွေကို ရှာဖွေသူများလာတာကြောင့် Sky Villa အဆောက်အဦးနဲ့ ဂရိတ်ဝေါကို စစ်ကောင်စီကပိတ်လိုက်ပြီး ၁၄၄ ထုတ်ပြန်ထားပါတယ်။ ကျန်ရစ်သူမိသားစုပိုင်ရှင်တွေကိုလည်း ပေးမဝင်တော့ပဲ ပစ္စည်းတွေပြန်မရတော့ဘူးလို့ ဆိုပါတယ်။
“Villa ကြီးကိုကပိတ်လိုက်ပြီ။ ၁၄၄ လည်းထုတ်ထားတယ်။ ပိုင်ရှင်တွေတောင် ဝင်မရဘူး။ အဓိက ဒေသခံတွေကလည်း ပစ္စည်းတွေဝင်ရှာတာရှိတယ်။ သူရသူရောင်းပေါ့။ တော်တော်ဆိုးတယ်။ ခိုးဆိုးလုနှိုက်တွေကလည်း ပိုများလာတယ်” လို့ ဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။