မန္တလေးတက္ကသိုလ် မီးလောင်မှုအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများပျက်စီးခဲ့တဲ့အတွက် စာမေးပွဲပြန်ဖြေရမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကနဦးပြောကြားထားပါတယ်။
အဆိုပါ စာမေးပွဲဖြေဆိုမှုအပေါ် ကန့်ကွက်သူများရှိနေလို့ အစည်းအဝေးပြန်လုပ်််််ပြီးဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။
“ပြန်ဖြေဖို့ ကန့်ကွက်ကြတယ်။ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီး။ ဆရာ၊ဆရာမတွေကလည်း ကန့်ကွက်ကြတယ်။ ကလေးတွေအတွက်နစ်နာတယ်ပေါ့။ တစ်ကယ်တမ်းကျတော့ စာမေးပွဲကပြန်ဖြေမှရမှာလေ။ ဘယ်လိုလုပ်အအောင်ပေးမလဲ” လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တာဝန်ရှိသူ တဦးက New Day Myanmar ကိုပြောပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်နေစဉ် မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်းခန့် ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိနေတဲ့ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ မန္တလေး တိုင်းဒေသကြီးက ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦးရဲ့အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးက ဖြေဆိုသူဦးရေ ၇၃၁၁ ဦးရဲ့ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်က ဖြေဆိုသူဦးရေ ၈၆၉၉ ဦးရဲ့ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လမှာ ထုတ်ပြန်လေ့ရှိပေမယ့် ငလျင်ကြောင့် ဩဂုတ်လမှာ ထုတ်ပြန်ပေးဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။
ပုံစာ – ငလျင်ကြောင့် မီးလောင်ပျက်စီးသွားသော မန္တလေးတက္ကသိုလ်
ဓါတ်ပုံ – CJ